အာဏာသိမ်းအဖွဲ့အား ပူးပေါင်းကူညီမည့် သဘောထားထုတ်ပြန်ချက်တွင် လက်မှတ်ထိုးခဲ့သည့် “ဝ”အမျိုးသားပါတီ ဥက္ကဌ ပါတီမှ နှုတ်ထွက်

ဦးဆိုင်းပေါင်းနပ်(ထက်ဝေ၊ ဧရာဝတီ)
ဦးဆိုင်းပေါင်းနပ်(ထက်ဝေ၊ ဧရာဝတီ)
အာဏာသိမ်းအဖွဲ့အား ပူးပေါင်းကူညီမည့် သဘောထားထုတ်ပြန်ချက်တွင် လက်မှတ်ထိုးခဲ့သည့် “ဝ”အမျိုးသားပါတီ ဥက္ကဌ ပါတီမှ နှုတ်ထွက်
သြဂုတ် 13, 2021 | နိုင်ငံရေး

အာဏာသိမ်းအဖွဲ့အား ထောက်ခံပြီး ပူးပေါင်းကူညီမည်ဟု နိုင်ငံရေးပါတီ (၂၈)ခု၏ ထုတ်ပြန်ချက်တွင် ပါဝင်လက်မှတ်ထိုးသည့် “ဝ”အမျိုးသားပါတီ ဥက္ကဌက ပါတီမှ အပြီးအပိုင်နှုတ်ထွက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့ နေ့စွဲဖြင့် ပါတီထံတင်ပြထားသည်။

မိသားစု၏ စိတ်အေးချမ်းသာယာမှုကို ရှေးရှုရန်နှင့် ပါတီတွင် ဆက်လက်တာဝန်ယူမည့်သူများ အသက်အပိုင်းအခြားအလိုက် စိတ်တိုင်းကျစီမံခန့်ခွဲနိုင်ရန် ပါတီတာဝန်များအားလုံးမှ အပြီးအပိုင်နှုတ်ထွက်ပြီးဖြစ်ကြောင်း အစီရင်ခံပါသည်

ဟု ပါတီမှ နှုတ်ထွက်သည့်စာတွင် ဦးဆိုင်းပေါင်းနပ်က ရေးသားထားသည်။ 

အာဏာသိမ်းအဖွဲ့အား ထောက်ခံသည့် (၂၈) ပါတီ၏ သဘောထားထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် ထုတ်ပြန်ရာ “ဝ”အမျိုးသားပါတီလည်း ပါဝင်သည်ကိုတွေ့ရပြီးနောက် အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးခြင်းမှာ ဥက္ကဌက ပါတီကို အသိမပေးဘဲ လုပ်ဆောင်ခြင်းဖြစ်၍ ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါလုပ်ရပ်မှာ ပါတီနှင့် မသက်ဆိုင်ကြောင်း ပါတီဗဟိုဌာနချုပ်က ဩဂုတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ထုတ်ပြန်ပြီးနောက် ပါတီဥက္ကဌက ပါတီမှ အပြီးအပိုင်နှုတ်ထွက်ကြောင်းစာ ထွက်လာခြင်းဖြစ်သည်။