ဖက်ဒရယ်နှင့် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်း ဆွေးနွေး

Photo: PSLF/TNLA သတင်းနှင့် ပြန်ကြားရေး
Photo: PSLF/TNLA သတင်းနှင့် ပြန်ကြားရေး
ဖက်ဒရယ်နှင့် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်း ဆွေးနွေး
By Tachileik News Agency

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) က ဦးဆောင်ကျင်းပသည့် ဖက်ဒရယ်နှင့် တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကျင်းပပြီးစီးသွားပြီဖြစ်ကြောင်း တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) က ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အဆိုပါဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး NUG အစိုးရ၏ တရားရေးဝန်ကြီး ဦးသိန်းဦးကလည်း ZOOM Video ဖြင့် ပြည်နယ်ဖွဲစည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

တအာင်းပြည်နယ်ဖွဲစည်းပုံအခြခံဥပဒေကို ၂၀၀၆-၂၀၀၇ ခုနှစ်က ထိုင်းနယ်စပ်တော်လှန်ရေးနယ်မြေတွင် FCDCC ရေးဆွဲစဥ်က တအာင်းပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး PSLF ၏ ၂၀၁၅ ဗဟိုကော်မတီ (၆)လပတ်အစည်းအဝေးတွင် ပထမမူကြမ်းအဖြစ် ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် စစ်တပ်အာဏာသိမ်းပြီးကာလ ၂၀၂၁ ခုနှစ် မေလတွင် TPCC က ဒုတိယမူကြမ်းကို ပြင်ဆင်အတည်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် TPCC မှဦးဆောင်ပြီး နိုင်ငံရေးတော်လှန်ရေးနှင့် အရပ်ဖက်စုဖွဲ့မှုများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲဖြင့် တတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တအာင်းပြည်နယ်ဖွဲစည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ တအာင်းပြည်နယ်စုဖွဲ့ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အရေးပေါ်အ‌ခြေအနေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။

လူပုဂ္ဂိုလ် (၁၅) ဦးဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သည့် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက   ဖွဲစည်းပုံအခြခံဥပဒေဆိုင်ရာ တတိယမူကြမ်းကို ပြင်ဆင်ခြင်း၊ အသိပညာဖြန့်ဝေခြင်းနှင့် လူထုစည်းရုံးလှုံ့ဆော်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းဆွေးနွေးပွဲကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်ဘက်ဆိုင်ရာများ၊ တအာင်းနိုင်ငံရေးခေါင်းဆောင်များ၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွဲစည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအား ဥပဒေပညာရှင်များထံပေးပို့ကာ လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ပြီး ဖွဲ့စည်းပုံအတိုင်း အုပ်ချုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

TPCC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)တွင် ပါဝင်သည့် အဖွဲ့တစ်ခုဖြစ်သည်။