နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ဒုရဲအုပ်တစ်ဦး CDM တွင် ပါဝင်လာ

နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ဒုရဲအုပ်တစ်ဦး CDM တွင် ပါဝင်လာ

 နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှ ဒုရဲအုပ်တစ်ဦး စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ၂၀၂၁ ခုနှစ် မတ်လ (၄) ရက်နေ့မှစ၍ ပါဝင်ကြောင်း အသိပေးထုတ်ပြန်လာသည်။

“စီနီယာ ဂျူနီယာ ညီအစ်ကိုမောင်နှမများခင်ဗျား အခုဆို ယူနီဖောင်းနဲ့တစ်ယောက်တည်း သွားရဲပါသလား။ ဥပဒေမဲ့ သတ်ဖြတ်မှုများကို ဒီအတိုင်း ရပ်တည်ကြတော့မလား။ ငါဟာ ရဲပါလို့ ပြင်ပ အသိမိတ်ဆွေများအကြား ပြောရဲသေးလား။ အခုချိန် CDM ၀င်လို့ ပြည်သူတွေ က မယုံကြည်ရဲတာကလည်း နေ့စဉ် သတ်ဖြတ်‌နေတဲ့ ဒီမြင်ကွင်းကို သူတို့အနေနဲ့ အတော့်ကို စိတ်မကောင်းဖြစ်နေကြလို့ပါ။ ကျနော်တို့တွေ ရုံးတက်နေချိန်မှာ မြန်မာနိုင်ငံအနှံ့က ကျနော်တို့ရဲ့ညီအစ်ကိုမောင်နှမများဟာ အာဏာရှင်စနစ်ကို တွန်းလှန်နေကြတာပါ။ Law enforcement officer ဖြစ်တဲ့ကျနော်က ဇာတိမြို့က ကျနော့်ဆရာ ဆရာမ ကျနော့်ဆွေမျိုး သူငယ်ချင်းတွေကို အာဏာရှင် လက်ပါးစေတွေ ထင်သလို သတ်ဖြတ်ပစ်ခတ်နေတာကို ဒီအတိုင်း ကြည့်နေရလို့ ရင်နာလှပါတယ်။ ရဲတပ်ဖွဲ့၏ ပုံရိပ်ကောင်းများအား နေ့စဉ် ချေဖျက်နေမှုများအား ဒီအတိုင်း ကြည့်နေကြတော့မလား။ မဲကိစ္စမရှင်းလို့ ဒီလို အာဏာသိမ်းမှုဖြစ်ရတယ်ထင်နေတုန်းလား။ သေချာစဉ်းစားစေလိုပါတယ်။ ငါတို့သည်နိုင်ငံတော်နဲ့နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်လို့ ဆိုရတယ်မဟုတ်လား။ အဲဒါဟာ တရားသဖြင့် တက်လာတဲ့ အစိုးရကို သာ သစ္စာစောင့်သိရမှာ။ အာဏာလုပြီး တက်လာတဲ့အစိုးရအပေါ် သစ္စာစောင့်သိရမှာ မဟုတ်ဘူး။ မမှန်တဲ့ မူဝါဒကို လိုက်နာရမှာ မဟုတ်ဘူးဆိုတာ သိကြမှာပါ။”ဟု CDM ဝင်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည့် ပို့စ်တွင် ရေးသားထားသည်ကို တွေ့ရသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီးနောက် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူလူထုအား အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency