စစ်အာဏာသိမ်းထားသည့် (၁၀)လတာအတွင်း NLD ပါတီဝင် (၅၀၀)ကျော် အဖမ်းခံရသည့်အနက် (၁၃)ဦး ကျဆုံး

စစ်အာဏာသိမ်းထားသည့် (၁၀)လတာအတွင်း NLD ပါတီဝင် (၅၀၀)ကျော် အဖမ်းခံရသည့်အနက် (၁၃)ဦး ကျဆုံး
ဒီဇင်ဘာ 1, 2021 | နိုင်ငံရေး

စစ်တပ်က နိုင်ငံ့အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ NLD ပါတီမှ (၅၇၉)ဦး ဖမ်းခံရသည့်အနက် (၄၃၂) ဦး လက်ရှိ ထိန်းသိမ်းခံထားရကာ (၁၃)ဦး ကျဆုံးခဲ့ရကြောင်း NLD ဗဟိုအလုပ်ကော်မတီက ရရှိသည့်အချက်အလက်ကို ကိုးကား၍ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

NLD ပါတီ ဆက်လက်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထွက်လာပြီးနောက် မဲစာရင်းမှားသည်ဟု အကြောင်းပြကာ စစ်အာဏာသိမ်းလိုက်သည့်အဖွဲ့က အာဏာသိမ်းသည့်နေ့မှစကာ NLD ပါတီဝင်များ၊ ပါတီထောက်ခံသူများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် ဖမ်းဆီးခြင်းကို ပြုလုပ်နေရာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဗဟိုအလုပ်ကော်မတီ (CWC) က ကောက်ယူရရှိသော စာရင်းများအရ ပါတီဝင် စုစုပေါင်း (၅၇၉) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အနက် (၁၂၈) ဦးပြတ်လွတ်လာပြီး (၄၃၂)ဦး ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

အာဏာသိမ်းအဖွဲ့က  ဖမ်းဆီးထိန်းသိမ်းခံရသူများအား ဖမ်းဆီးရေးတွင်လည်းကောင်း၊ စစ်ကြောရေးတွင်လည်းကောင်း အကြမ်းဖက်နှိပ်စက်မှုမျိုးစုံကိုပြုလုပ်နေရာ ဖမ်းဆီးခံရသည့် NLD ပါတီဝင်များအနက် စစ်ကြောရေးကာလ၊ အကျဉ်းကျနေစဉ်ကာလနှင့် ပြန်လည်လွတ်မြောက်ပြီး စစ်ကြောရေးဒဏ်ကြောင့် မကြာမီကာလအတွင်း ကျဆုံးကွယ်လွန်ရသူအရေအတွက်မှာ (၁၃) ဦးရှိကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် NLD ပါတီမှ ဦးခင်မောင်လတ် (ပန်းဘဲတန်း) ၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ) ၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ) ၊ ဦးစိုးစံ (ဝမ်းတွင်း)၊ ဦးဖြိုးဝေထွန်း (ချောက်)၊ ခွန်ဘွားထိုသွေး (ဆီဆိုင်)၊ ဦးကျော်ဆန်းဦး (ပုဗ္ဗသီရိ)နှင့် ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေသာဇံ)တို့ (၈)ဦးမှာ စစ်ကြောရေးတွင် ကျဆုံးခဲ့ရကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဦးအေးလှ (ကျောက်တံခါး)၊ ဦးညွန့်ရွှေ (ပဲခူး)၊ ဦးဝင်းကြိုင် (လှိုင်သာယာ) တို့ (၄) ဦးမှာ ထောင်တွင်းအကျဉ်းကျနေစဉ် ကျဆုံးခဲ့ကြရပြီး ပါတီဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူမှာ ပြန်လည်လွတ်မြောက်လာပြီး (၁) လအကြာတွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းချိန်မှစ၍ ပါတီခေါင်းဆောင်အပါအဝင် ပါတီဝင်များအား ဖမ်းဆီးခြင်းအပြင် ပါတီရုံးများ ချိုးဖျက်ဝင်ရောက်ရှာဖွေခြင်း၊ ဖေါက်ခွဲခြင်း၊ ဖျက်ဆီးခြင်းများကို ပြုလုပ်နေခြင်းဖြစ်သည်။

ရန်ကုန်ရှိ NLDy ပါတီရုံးချုပ်အပါအဝင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ပါတီရုံးများကို ဖောက်ခွဲခြင်း၊ ဖျက်ဆီးခြင်းခံရသည့် အကြိမ်အရေအတွက် (၇၅) ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

အလားတူပင် ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ဝင်ရောက်ကာ ပစ္စည်းများသိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဆုံးဖြတ်ချက်မချရသေးသည့် တရားရုံးအမှုများကို အကြောင်းပြ၍ ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ်နေရာ နေအိမ်များအားချိတ်ပိတ်ခံရသူ စုစုပေါင်း (၅၇) ယောက်ကို စာရင်းရရှိထားပြီး စာရင်းမရသေးသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရသည့် ရလဒ်ထွက်ပေါ်လာပြီးနောက် USDP အပါအဝင် မဲရှုံးပါတီအချို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ကြပြီးနောက် စစ်တပ်က ရွေးကောက်ပွဲမဲစာရင်းမှားသည်ဟု အကြောင်းပြ၍ နိုင်ငံ့အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင်အပါအဝင် ပါတီဝင်များ၊ အာဏာသိမ်းမှု လက်မခံသူများအား အာဏာသိမ်းအဖွဲ့က အကြမ်းဖက်နှိမ်နှင်းခြင်းကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။