တာချီလိတ်မြို့တွင် Covid-19 ပိုးလာစစ်စဉ် ပိုးတွေ့ကြောင်း သိရ၍ လူငယ်(၂)ဦး ထွက်ပြေး၊ တစ်ဦးက ပြန်လာမည်ဟု ဆက်သွယ်လာ

တာချီလိတ်မြို့တွင် Covid-19 ပိုးလာစစ်စဉ် ပိုးတွေ့ကြောင်း သိရ၍ လူငယ်(၂)ဦး ထွက်ပြေး၊ တစ်ဦးက ပြန်လာမည်ဟု ဆက်သွယ်လာ
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့၌ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့ လာရောက် စစ်ဆေးမှု ခံယူပြီး Covid-19 ပိုးတွေ့ရှိကြောင်း သိရ၍ လူငယ်(၂)ဦး ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသည့် လူငယ်(၂)ဦးမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)နေ အသက်(၂၁)နှစ်ရှိ နေလင်းဝေ နှင့် ဝမ်ကောင်းရပ်ကွက်အတွင်းနေ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

ညနေ(၃)နာရီအထိ သက်ဆိုင်ရာများ၏ ရှာဖွေဆက်သွယ်ချက်အရ ဝမ်ကောင်းရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပြန်လာမည်ဖြစ်ကြောင်း ဖုန်းပြန်ဆက်သွယ်လာသည်ဟု သိရပြီး ပါလျှံတွင်နေသူတစ်ဦးကိုတော့ ဆက်သွယ်မရရှိသေးကြောင်း သိရသည်။

အခုလို ပိုးတွေ့တာနဲ့ ထွက်ပြေးမယ်ဆိုရင် လာကို မစစ်တော့နဲ့ပေါ့၊ ခုလို ထွက်ပြေးတော့ ဘာထူးတော့မလဲဗျာ။ ကျွန်တော်တို့က အထိအတွေ့နည်းအောင် Covid-19 စောင့်ကြည့်စင်တာကို ပို့ပေးမှာပါ။ ရောဂါမပြင်းထန်ရင် (၁၁)ရက်နေရင် ပြန်နေရနေပါပြီ

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း၌ Covid-19 လာရောက် စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ် လာခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားသည်မှာ   ဇူလိုင်လ(၆)ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင်လ(၂၉)ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် အမျိုးသမီးတစ်ဦး ဩဂုတ်လ(၁၁)ရက်နေ့က အမျိုးသားနှင့်အမျိုးသမီး (၂)ဦးနှင့် ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့တွင် အမျိုးသား(၂)ဦးတို့ ထွက်ပြေးရာ  ဇူလိုင်လ(၃၁)ရက်နေ့က အမျိုးသမီးတစ်ဦးမှာ နေ့တွင်းချင်း ပြန်လည်ဆက်သွယ်ရရှိခဲ့ပြီး စင်တာသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ထွက်ပြေးသူများအနေဖြင့် နေ့ချင်းတွင်း သက်ဆိုင်ရာသို့ မဆက်သွယ်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ဖြင့် တရားစွဲဆိုမည်ဟု အသိပေးထားသည်။

#TachileikNewsAgency