တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ အသက်(၁၆)နှစ်အရွယ် (၁)ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ အသက်(၁၆)နှစ်အရွယ် (၁)ဦး သေဆုံး
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ဆီးချိုအခံရှိပြီး Covid-19 ကူးစက်ခံထားရသည့် အသက်(၁၆)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေထိုင်သူ အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ၎င်းသည် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့က ရောက်ရှိလာပြီး စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် Covid-19 ကူးစက်ခံရမှုနှင့်အတူ ဆီးချိုတက်နေ၍ ဆေးကုသစဉ် ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူများထဲက သေဆုံးသူများမှာ သက်ကြီးရွယ်အိုများပင် မဟုတ်တော့ဘဲ အသက် (၁၆)၊ (၃၁) နှင့် (၃၅)နှစ်အရွယ်ရှိ လူငယ်များပါ သေဆုံးမှုများရှိလာသည်ကို တွေ့ရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၁၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၉၂၄)ဦးအထိရှိနေပြီး သေဆုံးသူမှာ ဩဂုတ်လ(၁၃)ရက်နေ့အထိ (၃၀)ဦးအထိရှိနေသည်။  

ပိုးတွေ့သူများထဲက ဆေးရုံတွင် တက်ရောက်ကုသစရာမလိုသူများကို Covid-19 ကုသရေးစင်တာများတွင် အသွားအလာကန့်သတ်ထားခြင်း သတ်မှတ်ရက်အဖြစ် (၁၁)ရက်ထားရှိပြီး သတ်မှတ်ရက်ပြည့်သွားပါက နေအိမ်သို့ ပြန်ခွင့်ပေးနေခြင်း ဖြစ်သည်။