ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က PDF ဟု စွပ်စွဲဖမ်းဆီးထားသည့်လူငယ်မှာ ညှင်းပန်းနှိပ်စက်ခံရ၍ ခြေထောက်နှစ်ဖက်လုံး ကျိုးသွား

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က PDF ဟု စွပ်စွဲဖမ်းဆီးထားသည့်လူငယ်မှာ ညှင်းပန်းနှိပ်စက်ခံရ၍ ခြေထောက်နှစ်ဖက်လုံး ကျိုးသွား
သြဂုတ် 8, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၆ ) ရက်ညပိုင်းတွင် အာဏာသိမ်းအဖွဲ့က PDF အဖွဲ့ဝင်ဟု စွပ်စွဲကာ နေအိမ်မှဖမ်းဆီးသွားသည့် အသက် ( ၂၂ )နှစ်အရွယ် လူငယ်အမျိုးသားမှာ ညှင်းပန်းခံရပြီး ခြေထောက်နှစ်ချောင်းကျိုးသွားသော်လည်း ဆေးကုသမှုခံယူခွင့်မရကြောင်း သိရသည်။

ခြေထောက်နှစ်ချောင်းလုံး သွင်သွင်ကျိုးသည်အထိ စစ်တပ်နှင့် စရဖက ရိုက်နှက်စစ်ဆေးထားပြီး မိသားစုနှင့်ပေးမတွေ့သည့်အပြင် ဆေးကုသခွင့်လည်း မရကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖက အရပ်သားအသွင်ယူပြီး ဩဂုတ်လ( ၆ )ရက်ညပိုင်းတွင် အမှတ်( ၇ )ရပ်ကွက်ရှိ နေအိမ်ကို ဝင်ရှာကာ ဖမ်းဆီးလိုသူကို မတွေ့ရသဖြင့် ၎င်း၏ညီဖြစ်သူကို ဖမ်းသွားခြင်းဖြစ်သည်။

ဖမ်းဆီးသွားပြီးနောက် စရဖ စခန်းတွင် ထားရှိစစ်ဆေးခဲ့ရာ တစ်ရက်အကြာတွင် ဖမ်းဆီးခံရသူ အမျိုးသားသည် အုတ်တံတိုင်းကျော်၍ ထွက်ပြေးသဖြင့် ခြေထောက် နှစ်ဖက်လုံး အရိုးကျိုးသွားသည်ဟု မိသားစုဝင်များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဘေးပတ်ဝန်းကျင်ရှိ မြင်တွေ့သူများ၏ပြောဆိုချက်များအရ ၎င်းတို့စစ်ဆေးထားသည့် ဒဏ်ရာများကြောင့် အနီးရှိ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်လုပ်ဆောင်စဉ် ဖမ်းဆီးခံရသူအမျိုးသားက ထွက်ပြေးမည့်အသွင် ရှိသည်ဟု ယူဆသည့်အတွက် စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်ဖြင့်တိုက်ခဲ့သဖြင့် ထိုနေရာတွင်ခြေထောက်နှစ်ဖက် (ခြေသလုံး)အရိုးများကျိုးသွားသည်အထိ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ ဒဏ်ရာများရထားသော်လည်း ဆေးကုသခွင့်မရရှိသလို မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရ၊ ဆေးဝါးရိက္ခာ အကူအညီမရရှိစေရန် ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ကျောက်မဲ မြို့ပေါ်ရှိ လူနေရပ်ကွက်များ၌ ညပိုင်းအချိန်များတွင် နေအိမ်များကိုဝင်ရောက်ရှာဖွေကာ လူငယ်အမျိုးသားများကို PDF ဟု စွပ်စွဲဖမ်းဆီးမှုများလုပ်နေကြောင်း သိရသည်။

ဩဂုတ်လ(၆ )ရက်ညပိုင်းကလည်း အမှတ် ( ၇ )ရပ်ကွက်မှ အမျိုးသား (၃) ဦးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖတို့က ဖမ်းသွားကာ ယနေ့အထိ ရဲစခန်းသို့ အပ်နှံခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရဖြစ်နေကြောင်း သိရသည်။