ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ညပိုင်းတွင် နေအိမ်များကို ဝင်ရှာပြီး အမျိုးသားများကို PDF ဟု စွပ်စွဲပြီး ဖမ်းဆီးမှုများရှိနေ

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ညပိုင်းတွင် နေအိမ်များကို ဝင်ရှာပြီး အမျိုးသားများကို PDF ဟု စွပ်စွဲပြီး ဖမ်းဆီးမှုများရှိနေ
သြဂုတ် 7, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် ဩဂုတ်လ ( ၆ )ရက်နေ့ ညပိုင်းက အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖတို့ပါဝင်သည့်အဖွဲ့က လူနေအိမ်များအား လိုက်လံရှာဖွေကာ အမှတ်( ၇  )ရပ်ကွက်မှ အမျိုးသား ( ၃ )ဦးကို PDF များဟု စွပ်စွဲဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တပ်နှင့်စရဖ ပူးပေါင်းပါဝင် သည့် အင်အား( ၃၀ )ဦးခန့်ပါသောအဖွဲ့က ဩဂုတ်လ ( ၆ ) ရက်ညပိုင်းက လက်ဖက်ရည်ဆိုင်တွဲဖွင့်ထားသည့်နေအိမ်တစ်အိမ်ကို ဝင်လမ်းထွက်လမ်းများပိတ်ကာ ဝင်ရောက်ရှာဖွေပြီး အိမ်ထောင်စုဇယားကိုစစ်ဆေးကာ အဆိုပါမိသားစုမှ သားအလတ်ဖြစ်သူကို ဖမ်းဆီးလိုခြင်းဖြစ်သော်လည်း နေအိမ်တွင်မရှိသဖြင့် အငယ်ဆုံးသားဖြစ်သူ အသက် ( ၂၂ ) နှစ်အရွယ် လူငယ်ကို ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အမှတ် ( ၇  )ရပ်ကွက် ဗြုံးတောင်ရပ်ရှိ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေကာ တူဝရီးနှစ်ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ယခုရက်ပိုင်း ကျောက်မဲမြို့ပေါ်ရှိ လူနေရပ်ကွက်များကို ညအချိန် ဝင်ရောက်၍ပိုက်စိပ်တိုက် ရှာဖွေခြင်းများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ပြီး PDF အဖွဲ့ဝင်ဟု သံသယရှိသူများ၏ နေအိမ်များမှ လက်ကိုင်ဖုန်းများကို ရှာဖွေစစ်ဆေးခြင်း၊ မိသားစုများအား စစ်ဆေးခြင်းတို့ကို လုပ်နေသည်ဟု သိရသည်။

ယင်းသို့ ရှာဖွေမှုများအတွင်း PDF ဟု စွပ်စွဲဖမ်းဆီးခံရသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း အများအပြားရှိနေပြီဟုသိရပြီး ဖမ်းဆီးခံရသူများကို မိသားစုဝင်များနှင့် ပေးမတွေ့သည့်အပြင် ရိက္ခာ အသုံးအဆောင်များပင် ပေးပို့ခွင့်မရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုများကိုလည်း သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက်မှုများလုပ်ဆောင်ထားသည်ဟု သိရသည်။