ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ညပိုင်းကင်းလှည့်ရာတွင် လူမှုကူညီရေးအသင်းကားများကို အသုံးချ 

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ညပိုင်းကင်းလှည့်ရာတွင် လူမှုကူညီရေးအသင်းကားများကို အသုံးချ 
ဒီဇင်ဘာ 2, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီက ညပိုင်းကင်းလှည့်မှုများပြုလုပ်သည့် အခါ လူမှုကူညီရေးအသင်းကားကို အသုံးပြုပြီး ရှေ့ဆုံးကထား၍ ယာဉ်တန်းဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်နေသည်ကို ရံဖန်ရခါ မြင်တွေ့နေရကြောင်း မြင်တွေ့ခဲ့သည့် ဒေသခံတို့ထံက သိရသည်။

အသင်းနာမည်တော့ မပြောတော့ပါဘူး၊ အဲ့နေ့ညက ရဲကား စစ်ကားတွေ ကင်းလှည့်တော့ အဲ့လူမှုကူညီရေး အသင်းကားက ရှေ့ဆုံးကနေမီးတန်းဖွင့်ပြီး လိုက်ပေးတာတွေ့တယ်၊ ဆိုင်ကယ်နဲ့အနောက်ကနေ လိုက်ကြည့်တာ အဲ့ကင်းလှည့်တာ အစအဆုံးကို အဲ့လို သွားနေတာ

ဟု ကျောက်မဲဒေသခံတစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။

နိုဝင်ဘာလ (၁၈)ရက်နေ့က စတင်၍ ကျောက်မဲမြို့နယ်အတွင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ ဝင်ရောက်လာနိုင်သည်ဟူသော သတင်းကြောင့် ကျောက်မဲရှိ စစ်ကောင်စီစစ်သားများ ပုံမှန်ကင်းစောင့်နေသည့် နေရာတိုင်း၌ စစ်မှုထမ်းဟောင်းများကိုပါ အင်အားဖြည့်ထားပြီး ညစဉ် လှည့်ကင်းများလည်း ပတ်သွားနေခြင်း ဖြစ်သည်။ 

ယခင်ကာလများက ကင်းလှည့်ခြင်း၊ လိုက်လံဖမ်းဆီးရှာဖွေခြင်းများ ပြုလုပ်ခဲ့စဉ်က ရဲကား၊ စစ်ကားများဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် လူမှုကူညီရေးအသင်းကားအချို့ကို အသုံးချကာ ယာဉ်တန်းထိပ်ဆုံးတွင်ထားပြီး ကင်းလှည့်နေခြင်းဖြစ်သည်ဟု ခိုင်မာသော သတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် ညပိုင်း(၈)နာရီကျော်အချိန်များ၌ အပြင်ထွက်သူများကို စစ်ဆေးသည့်အခါတွင်လည်း အထူးအားဖြင့် အမျိုးသားများကို ရိုက်နှက်၊ ကန်ကျောက်၊ စစ်ဆေးခြင်းများ လုပ်ဆောင်နေပြီး လူနေရပ်ကွက်များအတွင်း အရပ်ဝတ်ဖြင့် ကင်းလှည့်ခြင်းများကိုလဲ နေ့စဉ်လုပ်ဆောင်နေသည့်အပြင် လူမှုကွန်ယက်တွင် သတင်းမှား များတင်၍ ဝါဒဖြန့်ခြင်းများလဲ စတင်လုပ်ဆောင်နေသည်ဟု သိရသည်။