လာအိုနိုင်ငံမှ နေရပ်ပြန်ရန် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများ တောင်ကြီးမြို့မှ တဆင့် ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာ

လာအိုနိုင်ငံမှ နေရပ်ပြန်ရန် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများ တောင်ကြီးမြို့မှ တဆင့် ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာ

လာအိုနိုင်ငံမှ နေရပ်ပြန်ရန် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းကနေ ဩဂုတ်လ(၁)ရက်နေ့က ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများသည်  ဩဂုတ်လ(၃)ရက်နေ့  ညနေပိုင်းက တောင်ကြီးမြို့သို့ ရောက်ရှိပြီး တောင်ကြီးမြို့မှ တဆင့် ဒေသအသီးသီးသို့ ဆက်လက်ထွက်ခွာ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ(၃)ရက်နေ့  ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ (Taunggyi Business Center)တောင်ကြီးစီးပွားရေးဇုန်သို့ ရောက်ရှိလာသည့် အဆိုပါ ရွှေ့ပြောင်းမြန်မာလုပ်သားများအား သက်ဆိုင်ရာများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ထမင်းထုပ်နှင့်ရေသန့်ဗူးပေးဝေခြင်းများပြုလုပ်ပေးကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်များသည့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မိုင်းမောဆိပ်ကမ်း အထိကို လာအိုဘက်က ကူညီပို့ဆောင်ပေးပြီး  မဲခေါင်မြစ်ကူးစက်လှေခ၊ တာချီလိတ်မှ တောင်ကြီးမြို့အထိ ကားခများကို တာချီလိတ်မြို့မှ စေတနာရှင်များက ကူညီပေးခြင်းဖြစ်သော်လည်း တောင်ကြီးမြို့မှ တဆင့် ဒေသသီးသီးသို့ ဆက်လက်ထွက်ခွာမည့်သူများအနေဖြင့် ယာဉ်စီးခကို မိမိအစီအစဉ်အဖြစ် ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်များတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး နှင့် နေပြည် တော်ကောင်စီနယ်မြေတို့မှ ပါဝင်ကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာနိုင်ငံသို့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့မှ ဩဂုတ်လ(၃)ရက်နေ့အထိ (၄၂၁)ဦး ပြန်လာရာတွင် တာချီလိတ်မြို့မှ ၎င်းတို့အား Covid-19 ပြန်လည်စစ်ဆေးချက်အရ (၁၁၁)ဦးတွင် ပိုးတွေ့ရှိရ၍ တာချီလိတ်မြို့ရှိ ကုသဆောင်များတွင် သီးသန့်စောင့်ကြည့်ထားရှိပေးထားပြီး သတ်မှတ်ရက်(၁၀)ရက်မှ (၁၁)ရက်ပြည့်သွားပါက နေရပ်သို့ ဆက်လက်ပြန်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo - တောင်ကြီး ထွေအုပ်