မိုင်းဆတ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးသူ တစ်ထောင်ကျော်၌ ကင်ဆာအကြိုနှင့် ကင်ဆာ သံသယ ၁၃၂ ဦးတွေ့ရှိ

မိုင်းဆတ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးသူ တစ်ထောင်ကျော်၌ ကင်ဆာအကြိုနှင့် ကင်ဆာ သံသယ ၁၃၂ ဦးတွေ့ရှိ
ဒီဇင်ဘာ 7, 2019
By Tachileik News Agency
မိုင်းဆတ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးသူ တစ်ထောင်ကျော်၌ 
ကင်ဆာအကြိုနှင့် ကင်ဆာ သံသယ ၁၃၂ ဦးတွေ့ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသပေးခြင်းကို အမျိုးသမီး(၁၂၅၈)ဦးအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်မှ (၇) ရက်နေ့အထိ အခမဲ့ ဆောင်ရွက်ပေးရာ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အမျိုးသမီး(၁၂၄)ဦးနှင့် ကင်ဆာသံသယ (၈)ဦး တွေ့ရှိရကြောင်း သိရသည်။
"ကျန်းမာရေးအသိပညာနည်းပါးတဲ့ ကျွန်မတို့မြို့က ဒေသခံအမျိုးသမီးတွေကို အခုလို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရဲ့ဇနီးကိုယ်တိုင် သားခေါင်းကင်ဆာရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးပြောကြားပေးတဲ့အပြင် အထူးကုဆရာဝန်ကြီးတွေက အခမဲ့ ရောဂါစမ်းသပ်ရှာဖွေကုသပေးတော့ ဒေသခံအမျိုးသမီးတွေကိုယ်စား အများကြီးကျေးဇူးတင်ပါတယ်"ဟု ကျဒယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်နာဘိုရှီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဆတ်မြို့၌ သားဖွားမီးယပ်ဆရာဝန် ကထိက ဒေါက်တာနန်းခင်စောညွန့်၊ ကထိက ဒေါက်တာသွယ်ဝင်းဖေနှင့် ဒေါက်တာခင်မိုးလှိုင် ဦးဆောင်သောအဖွဲ့က အသက်(၂၁) နှစ်မှ (၅၁)နှစ်အတွင်းရှိ အမျိုသမီး(၁၂၅၈)ဦးအား နှစ်ရက်တာ စမ်းသပ်ရှာဖွေကုသမှုအတွင်း သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် အမျိုးသမီး(၁၂၄)ဦး၊ သား အိမ်ရောင်သူ(၇၇)ဦး၊ အဖြူဆင်းသူ(၅၂)ဦး၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းသူ (၁)ဦးနှင့် ကင်ဆာရောဂါအဖြစ် သံသယရှိ၍ အသားစယူသူ(၈)ဦးရှိကြောင်း သိရသည်။
အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံးကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းစီမံချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှေမြင့်က ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်မှစ၍ သားဖွားမီးယပ်အထူးကုဆရာဝန်များပါဝင်သည့်အဖွဲ့ဖြင့် အခမဲ့စမ်းသပ်ကုသမှုများကို လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ရကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~