မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ကို မန်တုံဆေးရုံက မမွေးဖွားပေးဘဲ လားရှိုးဆေးရုံသို့ လွှဲလိုက်သဖြင့်  လမ်းတွင် ခက်ခက်ခဲခဲ မွေးဖွားရ

Photo: မိုးသောက်ကြယ် လူမှုကူညီရေးအသင်း
Photo: မိုးသောက်ကြယ် လူမှုကူညီရေးအသင်း
မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ကို မန်တုံဆေးရုံက မမွေးဖွားပေးဘဲ လားရှိုးဆေးရုံသို့ လွှဲလိုက်သဖြင့်  လမ်းတွင် ခက်ခက်ခဲခဲ မွေးဖွားရ
သြဂုတ် 5, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) တအာင်း (ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် ပြည်သူ့ဆေးရုံသွားပြသည့် မီးဖွားခါနီး ကိုယ်ဝန်ဆောင်အား  မိုင် (၈၀) ကျော်ဝေးသည့် လားရှိုးဆေးရုံသို့ လွှဲပြောင်းပေးသဖြင့် ကျန်းမာရေးဝန်ထမ်း၏ အကူအညီမရဘဲ ခရီးလမ်းတစ်ဝက်တွင်ပင် မွေးဖွားခဲ့ရကြောင်း သိရသည်။

ပန်ဆွေရွာမှ ကိုယ်ဝန်ဆောင်တစ်ဦးက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့ နေ့လယ် (၁၁) နာရီခွဲဝန်းကျင်တွင် မန်တုံဆေးရုံသို့ လာပြသရာ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများရှိနေသော်လည်း မွေးမပေးဘဲ လားရှိုးဆေးရုံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း ရွှေဖီမြေသတင်းဌာန၏ သတင်းဖေါ်ပြချက်အရ သိရသည်။

 အဆိုပါ ကိုယ်ဝန်ဆောင်အား မိုးသောက်ကြယ်လူမှုကူညီရေးအသင်းက လားရှိုးဆေးရုံသို့ လိုက်ပို့စဉ်  ယနေ့ ညနေ (၃) နာရီ (၂၈)မိနစ်၌ မန်တုံနှင့် နမ္မတူကြားရှိ ရုရှားတောင်သို့အရောက်၌ ကားပေါ်တွင်ပင် မီးဖွားသွားကြောင်း သိရသည်။

 “လမ်းမှာကတည်းက ကလေးရဲ့ ကိုယ်တစ်ဝက် ထွက်နေပြီ။ သွေးတွေလည်း ထွက်နေတာ။ ရုရှားတောင်ရောက်တော့ မရတော့ဘူး။ ဂေါ်ရခါးအိမ်တစ်အိမ်မှာ လိုအပ်တာ အကူညီ တောင်းလိုက်တယ်။ ကားထဲမှာပဲ မွေးလိုက်ရတာ”ဟု မိုးသောက်ကြယ်လူမှုကူညီရေး အသင်းဝင်တစ်ဦးက ဆိုသည်။

ကလေးမှာ မိန်းကလေးဖြစ်ပြီး လက်ရှိတွင် သားအမိနှစ်ဦးကို နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။