ကိုးကန့်ဒေသ စစ်ဘေးရှောင်များကို MNDAA (ကိုးကန့်) ၏ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးပူးတွဲအဖွဲ့က အကူအညီ ထောက်ပံ့

Photo: The Kokang
Photo: The Kokang
ကိုးကန့်ဒေသ စစ်ဘေးရှောင်များကို MNDAA (ကိုးကန့်) ၏ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးပူးတွဲအဖွဲ့က အကူအညီ ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့် MNDAA အခြေစိုက်ဒေသကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေမှုကြောင့် လပေါင်းများစွာ စစ်ဘေးရှောင်နေရသည့် ဒေသခံများအား MNDAA ၏ မုံးကိုးခရိုင် ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးပူးတွဲအဖွဲ့က အကူအညီများပေးပို့နေကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် The Kokang က သတင်းထုတ်ပြန်သည်။

မုံးကိုးခရိုင်ရှိ MNDAA (ကိုးကန့်)၏ ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးပူးတွဲအဖွဲ့သည်  အုပ်စုများခွဲပြီး  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲများ ခေတ္တရပ်ဆိုင်းချိန်အတွင်း မုံးကိုးခရိုင်ရှိ ကျေးရွာ (၈) ရွာကို သွားရောက်၍  MNDAA ၏ ထောက်ပံ့ငွေဖြင့် စားသုံးဆီနှင့် ဆားများဝယ်ယူပေးသည့်အပြင် ကျေးရွာ (၈)ရွာကို ထောက်ပံ့ကြေးများလည်း ပေးခဲ့သည်ဟု သိရသည်။

 

ယင်းအပြင် မုံးကိုးခရိုင်အတွင်း တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်က ကျေးရွာများကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးရသည့် အရပ်သားများ၏ မိသားစုများကိုလည်း ဆန်နှင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

အထူးဒေသ(၁) မုံးကိုးခရိုင်ရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည်မှာ အချိန် (၅)လကြာပြီဖြစ်ပြီး စားဝတ်နေရေးအခက်အခဲရှိနေသဖြင့်   မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့နှင့် ကိုးကန့် MNDAA တို့က ဒေသခံပြည်သူလူထုကို အကာအကွယ် ပေးခြင်း၊  စားနပ်ရိက္ခာပံ့ပိုးပေးခြင်းနှင့် ပို့ဆောင်ရေးအခက်အခဲများကိုဖြေရှင်းပေးခြင်းများကို ကူညီထောက်ပံ့ပေးနေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကိုးကန့် MNDAA ဒေသကို ၂၀၂၁ ခုနှစ် ဩဂုတ်လကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။