မိုင်းယောင်းမြို့နယ်တွင်းသို့ ရွေ့လျားမော်တော်ယာဉ်ဈေးသည်များကို Covid-19 တတိယလှိုင်းကာလအတွင်း လာရောက် ရောင်းချခွင့်မပြုတော့၊ မိုင်းယောင်းသို့ လာသူများ ကျန်းမာရေးထောက်ခံစာ လိုအပ်မည်

မိုင်းယောင်းမြို့နယ်တွင်းသို့ ရွေ့လျားမော်တော်ယာဉ်ဈေးသည်များကို Covid-19 တတိယလှိုင်းကာလအတွင်း လာရောက် ရောင်းချခွင့်မပြုတော့၊ မိုင်းယောင်းသို့ လာသူများ ကျန်းမာရေးထောက်ခံစာ လိုအပ်မည်
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ယခင်ကလို ရပ်နီးရပ်ဝေးများမှ ရွေ့လျားမော်တော်ယာဉ်ဖြင့် ဈေးလာရောက် ရောင်းချမှုများကို Covid-19 တတိယလှိုင်းကာလအတွင်း ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးထားပြီး မိုင်းယောင်းမြို့သို့ လာမည်သူများအနေဖြင့် ကျန်းမာရေး ထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။ 

မိုင်းယောင်းမြို့သို့ ကား/ဆိုင်ကယ်များဖြင့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ နှင့် အဝတ်အထည်များ အပြင် ကုမ္ပဏီအရောင်းမြှင့်တင်ရေး ယာဉ်များစသည့် ရွေ့လျားမော်တော်ယာဉ်ဈေးသည်များအားလုံးကို တားမြစ်ထားခြင်း ဖြစ်သည်။

မိုင်းယောင်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်းသို့ ခရီးသွားဧည့်သည် ဝင်ထွက်သွားလာမှုများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများက စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်ရန်နှင့် ခရီးသွားထောက်ခံချက်ပါရှိမှသာ သွားလာခွင့်ပြုရေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ညွှန်ကြားထားကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် Covid-19 ကြိုတင် ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း မွေးနေ့၊ မင်္ဂလာဆောင် စသည့် ပွဲလမ်းသဘင်မကျင်းပရန်လည်း အသိပေးထားကြောင်းနှင့် စားသောက်ဆိုင်များလည်း ဆိုင်ထိုင်စားသည့် စနစ်ဖြင့် မရောင်းချစေဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးထားကြောင်း  သိရသည်။

မြို့ဝင် မုန်းလိုက်တံတားတွင် Covid-19 ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဇူလိုင်လ(၄)ရက်နေ့က စ၍ ဖွင့်လှစ်ထားပြီး နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်အထိ ခရီးသည်ယာဉ် ဖြတ်သန်းသွားလာခြင်း၊ ခရီးသည်များအား ခရီးသွားရာဇဝင်များ ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ခရီးသွားများအနေဖြင့် ကျန်းမာရေးထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး အခြားဒေသများမှ နေရပ်ပြန်လာသူမည့် မိုင်းယောင်းဇာတိ ဒေသခံများကို  Quarantine  ထားမည်ဖြစ်ကြောင်းလည်း အသိပေးထားကြောင်း သိရှိရသည်။