ကယားပြည်နယ် ဖရူဆို နှင့် ဘောလခဲမြို့နယ်အကြား KA,KNDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေ

ကယားပြည်နယ် ဖရူဆို နှင့် ဘောလခဲမြို့နယ်အကြား KA,KNDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေ
သြဂုတ် 3, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အကြားတွင် ယနေ့ သြဂုတ်လ (၃)ရက်နေ့ နံနက် (၁၁)နာရီကျော် အချိန့်မှစ၍ လက်နက်ငယ်များဖြင့် နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ 

ဖရူဆို - ဘောလခဲမြို့နယ်အကြားရှိ ထားလဲကျေးရွာ နှင့် နန်းဖဲကျေးရွာကြား ကျွန်းပင်ကုန်းအနီးတွင် နံနက်  (၁၁)နာရီကျော် အချိန်ခန့်မှစ၍  လက်နက်ငယ်များဖြင့် နှစ်ဖက် ပစ်ခတ်နေကြပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း အနီးနားရှိ ကျေးရွာ ဒေသခံများကပြောသည်။ 

နံနက် (၁၁)နာရီကျော်လောက်ဖြစ်မယ်။ အဲ့ချိန်ကစပြီး ဖြစ်နေတာပေါ့ ။ လက်နက်ငယ်သံတွေ ဆူညံနေတယ်။ လက်နက်ကြီး တွေလည်း ပါနိုင်တယ်။ အဲ့ဒီတိုက်ပွဲ ဖြစ်​နေတဲ့ အနီးနားမှာ တောင်ယာလုပ်နေတဲ့ ရွာက လူတွေ ရှိတယ် ။ သူတို့တောင် အခု အမြန်ရှောင်နေရတယ်။

ဟု နန်းဖဲကျေးရွာမှ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ကျွန်းပင်ကုန်း အနီးပစ်ခတ်မှု ဖြစ်ပွား​ခြင်းမှာ ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း PDF အဖွဲ့ဝင် အချို့မှ အတည်ပြုထားပြီး အထိခိုက် အကျဆုံး ကိုတော့ သိရှိရခြင်း မရှိသေးကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်များမှ ဖရုဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အကြားတွင် ဇူလိုင်လ အတွင်းမှစ၍ စစ်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်လာခြင်း ဖြစ်ပြီး ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် အဆိုပါ နေရာများတွင် တိုက်ပွဲ (၃)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်များမှ စစ်ကား (၂၇)စီးခန့်မှာ လူအင်အားအပြည့်ဖြင့် ယနေ့ သြဂုတ်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့မှ ဒီးမော့ဆို - ဖရူဆို ဖက်သို့ သွားရောက်နေကြောင်း ဒေသခံများထံမှသိရပြီး နေ့လည်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များမှ လွိုင်ကော်မြို့ အရှေ့ဖက်ခြမ်း ၊ ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့နယ် တို့တွင် အဖွဲ့များခွဲ၍ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။ 

ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြားတွင် ဇူလိုင်လ အတွင်းမှစ၍ တိုက်ပွဲများနှင့် စစ်ကောင်စီ တပ်များမှ ကျေးရွာများ အတွင်း တပ်စွဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ကျေးရွာ (၁၀)ရွာနီးပါ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။