တာချီလိတ်ရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းမှ Harry Potter KTV အကြောင်းရေးတင်သည့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရသည်ဟု သတင်းများထွက်နေပြီး အလုပ်နှုတ်ထွက်သည့်ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရ

တာချီလိတ်ရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းမှ Harry Potter KTV အကြောင်းရေးတင်သည့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရသည်ဟု သတင်းများထွက်နေပြီး အလုပ်နှုတ်ထွက်သည့်ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရ
By Tachileik News Agency

ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်ကောင်စီတပ် အမှတ် (၃၃၁) ခြေမြန်တပ်ရင်းဝင်ပေါက်အနီးရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းအတွင်း ဖွင့်လှစ်ထားသည့် Harry Potter KTV တာဝန်ရှိသူများက ဝန်ထမ်းခေါင်းဆောင် ၃ ဦးကို လစာတိုးမြင့်ပေးရန်တောင်းဆိုမှုအား ဦးဆောင်သည်ဟုစွပ်စွဲကာ အလုပ်ထုတ်လိုက်သည်ကို မကျေနပ်၍ အလုပ်မှနှုတ်ထွက်လာကြသည့် ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရကြရသည်ဟု သိရသည်။ 

သူတို့က ကုမ္ပဏီအကြောင်းကို ဘာမှ မရေးရဘူး၊ အပြင်ကို ဘာမှ မပြောရဘူးလို့ ပြောပါတယ်။ ရေးရင် ပြောရင် "ဝ" စစ်တပ်နဲ့ ဖမ်းခိုင်းမယ်လို့ဆိုပြီး "ဝ"နာမည်သုံးပြီး ခြိမ်းခြောက်ပါတယ်။ သူတို့အကြောင်းရေးတင်လို့ဆိုပြီး ကောင်မလေးတစ်ယောက်ကို သူတို့ ဒီည လာခေါ်သွားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ အလုပ်ထဲမှာ သူတို့က အမြဲတမ်း "ဝ"နာမည်သုံးပြီး ခြိမ်းခြောက်တတ်ပါတယ်။ ဒီအလုပ်က "ဝ"အကြီးအကဲတစ်ယောက်ပိုင်တာ နင်တို့ကို "ဝ"စစ်တပ်နဲ့ဖမ်းခိုင်းလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တာ အမြဲလုပ်ပါတယ်။  သူတို့က "ဝ"လူကြီး နာမည်ခံထားလို့ သူတို့လုပ်ချင်တာ လုပ်လို့ရတယ် သူတို့ကို ဘယ်သူမှ ဘာမှလုပ်လို့မရဘူးဆိုပြီး ဝန်ထမ်းတွေအပေါ် အနိုင်ကျင့်ပါတယ်။

ဟု လုံခြုံရေးအရ အမည်မဖေါ်လိုသည့်  သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ပြောသည်။

 

Harry Potter KTV မှ အလုပ်ထုတ်သည့်အကြောင်းရေးတင်၍ အဖမ်းခံသည်ဆိုသည့်ကိစ္စနှင့် အဆိုပါလုပ်ငန်းက ဝန်ထမ်းများအား ပြောဆိုသည့်အတိုင်း "ဝ"အဖွဲ့မှ အကြီးအကဲတစ်ဦးပိုင်ဆိုင်သည်ဆိုသည်တို့ကိုမူ Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးဘဲ Harry Pottery KTV က ဝန်ထမ်းအချို့ကို ၎င်းတို့အစီအစဉ်ဖြင့် အပြစ်ပေးချုပ်နှောင်ခြင်းကို လုပ်ခဲ့ဖူးသည်ဟု သိရသည်။

အရင်က ကုမ္ပဏီပစ္စည်းခိုးလို့ဆိုပြီး ဝန်ထမ်းတစ်ယောက်ရယ်၊ ဝန်ထမ်းအချင်းချင်း ဆိုင်ကယ်ယူပေါင်တယ်ဆိုတဲ့ တစ်ယောက်ရယ်ကို အဲဒီ KTV ဝန်းထဲက အဆောက်အဦတစ်ခုရဲ့ အချုပ်ခန်းမှာ ချုပ်ထားပြီး မိဘတွေကို ငွေနဲ့ပြန်လာထုတ်ခိုင်းဖူးတယ်။ ဘယ်လောက်ချုပ်ထားတယ်၊ ဘယ်လောက်ပေးရတယ်တော့ အသေးစိတ်မသိဘူး

ဟု ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့ အာခါဈေးအကျော်ရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းခေါ် ကွင်းပြင်ကျယ်အတွင်း ယခုနှစ်အတွင်း အသစ်ဖွင့်လှစ်ထားသည့် Harry Potter KTV နှင့် ဘားကလပ်က ၎င်းတို့အလုပ်ခေါ်စဉ်က သတ်မှတ်ထားသည့်လစာနှုန်းထားကို အလုပ်ခန့်ထားချိန်တွင်မပေးသဖြင့် အလုပ်ခေါ်စဉ်က လစာနှုန်းထားအတိုင်းရရန် ဝန်ထမ်းများက ပထမတစ်ကြိမ် စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြရဖူးသည်ဟုလည်း သိရသည်။



ယင်းနောက် ပုံမှန်အတိုင်း လစာတိုးပေးရမည့် (၆)လမြောက်တွင်  လစာမတိုးပေးရန် လစာတိုးပေးရန် ဝန်ထမ်းများ စုပေါင်းတင်ပြသည့်စာကို ပယ်ချခံခဲ့ရပြီး (၈)လမြောက်ဖြစ်သည့် စက်တင်ဘာလတွင် ဝန်ထမ်းများက စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လစာကို အမြင့်ပေးပြီး အလုပ်ခေါ်ပါတယ်။ အလုပ်တကယ်လုပ်ရင်တော့ အဲဒီလစာအတိုင်း မပေးပါဘူး။ အလုပ်ဖွင့်တဲ့ (၈)လအတွင်း လစာတစ်ခါမှ မတိုးခဲ့ပါဘူး။ ဝန်ထမ်းအားလုံးက လစာတိုးပေးဖို့ တင်ပြတာကိုလည်း ပယ်ချပါတယ်။ ဒါကြောင့် ကုမ္ပဏီအတွင်း ဌာနအားလုံးက ဝန်ထမ်းအားလုံးစုပေါင်းပြီး ဒီလ (၈)ရက်နေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။ သူတို့က (၉)ရက်နေ့မှာ လစာ ဘတ် (၂၀၀၀)တိုးပေးမယ် ပြန်လာပါဆိုလို့ ဝန်ထမ်းတွေ အလုပ်သွားကြပါတယ်။ အဲဒီနေ့ အစည်းအဝေးမှာ တစ်နှစ်ပြည့်တဲ့အချိန်မှာ လစာ ဘတ် (၂၀၀၀) တိုးပေးမယ်လို့ပြောပါတယ်။ ပြီးတော့ ဘာမှ အပြစ်မရှိဘဲ ဝိတ်တာအလုပ်သမားခေါင်းဆောင် (၃)ယောက်ကို ဦးဆောင်တယ်ဆိုပြီး  အလုပ်ထုတ်လိုက်ပါတယ်။ သူတို့စွပ်စွဲခံရပြီး ဘာမှ ဖြေရှင်းခွင့်မရကြပါဘူး။ ဒီလိုမတရားလုပ်ခံရလို့ ကျန်တဲ့ဝန်ထမ်း ၅၀ လောက်လည်း အလုပ်ထွက်ခဲ့ကြပါတယ်။

ဟု အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က ပြောသည်။

Harry Potter KTV နှင့် ဘားကလပ်က ဝန်ထမ်းလစာအပြင် ဝန်ထမ်းများခံစားခွင့်ကိုလည်း အခြားအလားတူ KTV၊ ကလပ်များကဲ့သို့ ခံစားခွင့်မပေးကြောင်းလည်း သိရသည်။

ဒီအလုပ်တိုင်းမှာ ထမင်း (၃)နပ်အမြဲကျွေးပါတယ်။ ဒီမှာကတော့ ည (၁၂)နာရီ ထမင်းတစ်နပ်ပဲကျွေးပါတယ်။ အဆောင်မှာနေရင် ထမင်းစရိတ် ဘတ် (၁၅၀၀)ဖြတ်ပါတယ်။ ရေခ၊ မီးခ၊ Wifi ကြေး၊ အဆောင်ခ အကုန်ဖြတ်ပါတယ်။ ကျန်တဲ့အလုပ်နေရာတွေမှာက အဆောင်ခပေးထားရင် ကျန်တာအားလုံးအတွက် ထပ်မကောက်တော့ပါဘူး။ ဝန်ထမ်းတွေက လကုန်ရင် လစာအပြည့် ဘယ်တော့မှ မရပါဘူး။ အဆင်မပြေလို့ အလုပ်ဝင်လုပ်ကြတာ။ အလုပ်ထဲမှာ ဘယ်လိုမှ အဆင်မပြေလို့ ဝန်ထမ်းတွေက အခုလို တောင်းကြတာပါ

ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

အဆိုပါ ဟုန်ပန်းကွင်းနေရာမှာ ခေတ်အဆက်ဆက် အာဏာပိုင်များက ပြဿနာမတက်စေရန် လက်ရှောင်ကြသည့်နေရာများမှ တစ်ခုဖြစ်ပြီး Harry Potter  KTV နေရာတွင် ယခုနှစ် ဧပြီလအတွင်းက သေနတ်ပစ်ဖေါက်၍ဟုဆိုကာ ရဲနှင့်စစ်တပ်ကို ဖမ်းခိုင်းခဲ့သဖြင့် ဖမ်းဆီးခံရသည့်အဖွဲ့လည်းရှိခဲ့သည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင် အလုပ်အကိုင်အခွင့်အလမ်းအများစုမှာ  KTV၊ ဘား၊ ကလပ်၊ တရားမဝင် ကာစီနိုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများသာရှိနေကြပြီး အဆိုပါလုပ်ငန်းများတွင် အခွင့်အရေးချိုးဖေါက်ခံရမှုများ၊ ညှင်းပန်းနှိပ်စက်ခံရမှုများ အများအပြားမှာ ခေတ်အဆက်ဆက် အရေးယူခံရခြင်းမှ ကင်းလွတ်နေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါလုပ်ငန်းများတိုးလာသည်နှင့်အမျှ အခြေအနေမှာ ပိုဆိုးလာသည်ဟု ဒေသခံများထံမှ သိရသည်။

တာချီလိတ်ရှိ အဆိုပါလုပ်ငန်းများတွင် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များ ထားရှိတတ်ကာ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက အာဏာသိမ်းစစ်တပ်အပါအဝင် ဒေသအာဏာပိုင်များက လက်ရှောင်ထားပြီး လုပ်ငန်းများက  ကိုယ်ပိုင်အစီအစဉ်ဖြင့်သာ ဖြေရှင်းကာ သတင်းများတင်းကြပ်စွာဖုံးကွယ်လေ့ရှိကြသည်။