တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲ နှစ်ခုတွင် ဝန်ထမ်း(၇)ဦး၌ Covid-19 ပိုးတွေ့ရှိ၍ ရက်ပိုင်းအတွင်း သွားလာခဲ့သူများ ဆေးရုံဟောင်းတွင် စစ်ဆေးနိုင်

တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲ နှစ်ခုတွင် ဝန်ထမ်း(၇)ဦး၌ Covid-19 ပိုးတွေ့ရှိ၍ ရက်ပိုင်းအတွင်း သွားလာခဲ့သူများ ဆေးရုံဟောင်းတွင် စစ်ဆေးနိုင်
သြဂုတ် 1, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ KBZ ဘဏ်ခွဲ (၂)ခုတွင် (၃)ရက်အတွင်း စစ်ဆေးမှုအရ Covid-19 ကူးစက်ခံထားရသူ (၇)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

တာလော့ရပ်ကွက်အတွင်းရှိ KBZ ဘဏ်ခွဲ (၁)တွင် ဇူလိုင်လ(၃၀)ရက်နေ့၏ စစ်ဆေးချက်အရ ဝန်ထမ်း အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးတွေ့ရှိသလို မယ်ခေါင်ရပ်ကွက်အတွင်းရှိ KBZ ဘဏ်ခွဲ(၂)မှလည်း အမျိုးသမီး ဝန်ထမ်း(၁)ဦးတွင် အဆိုပါနေ့မှာပင် Covid-19 စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မယ်ခေါင်ရပ်ကွက်အတွင်းရှိ KBZ ဘဏ်ခွဲ(၂)မှ ယနေ့ ဩဂုတ်လ(၁)ရက်နေ့တွင် ဝန်ထမ်း (၂၀)ဝန်းကျင်ကို စစ်ဆေးရာ အမျိုးသားဝန်ထမ်း (၁)ဦး နှင့် အမျိုးသမီး ဝန်ထမ်း (၃)ဦး တို့တွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့မှ ဩဂုတ်လ(၁)ရက်နေ့အထိ စစ်ဆေးချက်အရ ဘဏ်ခွဲ(၂)ခုစလုံးမှ စုစုပေါင်း (၇)ဦးတွင် ပိုးတွေ့ရှိရသော်လည်း ကျန်ဝန်ထမ်းများတွင် ပိုးမတွေ့ရကြောင်း သိရသည်။

 

အဆိုပါ ဘဏ်များအနေဖြင့်  လူစုလူဝေး မဖြစ်စေရန်အတွက် လုပ်ဆောင်ထားပြီးဖြစ်သလို ဇူလိုင်လ၏ နောက်ဆုံးပတ် ဘဏ်ဖွင့်ရက်များတွင် လာရောက်သူ နည်းပါးကြောင်းလည်း သိရသည်။ 



အဆိုပါ ဘဏ်(၂)ခုသို့ ဘဏ်ဖွင့်ရက်များဖြစ်သည့် ဇူလိုင်လ(၂၆)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အထိ သွားရောက်ခဲ့သူများအနေဖြင့် မိမိကိုယ်ကို Covid-19 သံသယရှိပါက တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်းသို့ သွားရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။



တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ  (၃၅)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူများတွင် မိမိအစီစဉ်ဖြင့် လုပ်ငန်းခွင် နှင့် နေအိမ်များတွင် စစ်ဆေး ပိုးတွေ့ စာရင်းများ မပါဝင်ဘဲ ဌာနဆိုင်ရာများ၏ တရားဝင်စာရင်းအရ (၁,၃၈၂)ဦး အထိရှိနေပြီး သေဆုံးသူမှာ (၉)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။