ကျိုင်းတုံမြို့တွင်း ဝက်သားဈေး အဆမတန်မြင့်တက်နေ၍ အခြားဒေသမှဝက်များ တင်သွင်းခွင့်ပြု

ကျိုင်းတုံမြို့တွင်း ဝက်သားဈေး အဆမတန်မြင့်တက်နေ၍ အခြားဒေသမှဝက်များ တင်သွင်းခွင့်ပြု
ဒီဇင်ဘာ 10, 2019
By Tachileik News Agency
ကျိုင်းတုံမြို့တွင်း ဝက်သားဈေး အဆမတန်မြင့်တက်နေ၍ အခြားဒေသမှဝက်များ 
တင်သွင်းခွင့်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်း ဝက်ကုန်ကြမ်းများရှားပါးနေပြီး ဈေးကွက်အတွင်း ဝက်သားဈေးများ အဆမတန်မြင့်တက်လာနေမှုကြောင့် အခြားဒေသမှဝက်များ တင်သွင်းခွင့်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းမှ စတင်ပြီး ခွင့်ပြုလိုက်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ ဈေးများအတွင်း ယခင်က ဝက်သားတစ်ပိသာလျှင် ကျပ် (၁၀,၀၀၀) ရောင်းချနေရာမှ ကျပ် (၁၈,၀၀၀) အထိ မြင့်တက်လာခဲ့သဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဝက်မွေးမြူသူများနှင့် ဝက်သားထုတ်လုပ်ရောင်းချသူများမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်တွင် ဝက်သားဈေးကျဆင်းရေးအတွက် တွေ့ဆုံဆွေးနွေးကာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"ခရိုင်စီခန့်ရယ်၊ မြို့နယ်စီခန့်ရယ်၊ ခရိုင်မွေးကုရယ်၊ စည်ပင်ကော်မတီရယ် ဆွေးနွေးထားတာက အခြားဒေသကဝက်တွေ သယ်လာမယ်ဆိုရင် သယ်လာခွင့်ပြုမယ်။ ကျွန်တော်တို့ဒေသက ဝက်တွေကို အခြားဒေသကို သယ်ယူခွင့် မပြုဘူးပေါ့။ ကျွန်တော်တို့ ဒေသမှာကလည်း ဝက်တွေက မကျန်တော့ဘူး။ ကျွန်တော်တို့ ကျိုင်းတုံ ကို သယ်လာမယ်ဆိုရင် ဘယ်ဒေသက ဝက်ဖြစ်ဖြစ် မွေးကုရဲ့ ကျန်းမာရေး စစ်ဆေးချက်တွေပါလာရင် လက်ခံမှာပေါ့။ ဒါက ဒေသသက်ဆိုင်ရာတာဝန်ရှိသူတွေက ဆုံးဖြတ်ထားတဲ့ ဟာတွေပေါ့"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝက်အားနည်းရောဂါကြောင့် ဝက်သေဆုံးမှုများဖြစ်ပွားခဲ့စဉ်က ဝက်သားစားသုံးမှု ကျဆင်းခဲ့သည့် ကျိုင်းတုံမြို့တွင် နိုဝင်ဘာလမှစတင်၍ ဝက်သားစားသုံးမှု ပြန်လည်မြင့်တက်လာခဲ့သော်လည်း ဝက်အားနည်းရောဂါကြောင့် ဒေသတွင်း ဝက်ရှားပါးမှုနှင့်ကြုံနေရခြင်း ဖြစ်သည်။

ကျိုင်းတုံမြို့တွင် ဝက်သားဈေးနှုန်းမှာ ယခင်က တစ်ပိသာလျှင် ကျပ် (၅,၅၀၀) ခန့်ရှိရာမှ နိုဝင်ဘာလကုန်ပိုင်းမှစ၍ တစ်ပိသာလျှင် ကျပ်(၁၈,၀၀၀)အထိ ဈေးတက်လာသဖြင့် တစ်ပိသာလျှင် ကျပ် (၁၅,၀၀၀) နှုန်းဖြင့် ရောင်းချရန် ညှိနှိုင်းသဘောတူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်းဈေးများအတွင်း ယခင်က ဝက်သားရောင်းချသူ (၃၀) ဦးရှိသော်လည်း လက်ရှိတွင် ကုန်ကြမ်းအခက်အခဲကြောင့် ရောင်းချသူ (၁၆) ဦးခန့်သာရှိတော့ကြောင်း သိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~