လာအိုနိုင်ငံဘက်မှ တာချီလိတ်သို့ ပြန်လာသည့် မြန်မာနိုင်ငံသား (၂၂၁)ထဲတွင် Covid-19 ကူးစက်ခံထားရသူ (၂၇)ဦး ပါဝင်

ပုံအညွှန်း - လာအိုဘက်တွင် တာချီလိတ်သို့ ပြန်ရန် ပြင်ဆင် လူစု နေစဉ်
ပုံအညွှန်း - လာအိုဘက်တွင် တာချီလိတ်သို့ ပြန်ရန် ပြင်ဆင် လူစု နေစဉ်
လာအိုနိုင်ငံဘက်မှ တာချီလိတ်သို့ ပြန်လာသည့် မြန်မာနိုင်ငံသား (၂၂၁)ထဲတွင် Covid-19 ကူးစက်ခံထားရသူ (၂၇)ဦး ပါဝင်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်မှ မြန်မာရွှေ့ပြောင်းလုပ်သား (၂၂၁) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့တွင် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်း၌ ဒုတိယအသုတ်အဖြစ် နေရပ်ပြန်လက်ခံပြီး စစ်ဆေးရာ (၂၇)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

ပုံအညွှန်း - လာအိုဘက်တွင် တာချီလိတ်သို့ ပြန်ရန် ပြင်ဆင်နေစဉ်



ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်၍ နေရပ်ပြန်ရန် စာရင်းပေးထားသူများကို PCR ဖြင့် COVID 19 စစ်ဆေးပြီးမှ ပိုးမတွေ့သူများကို ပြန်လွှဲပေးနေသည်ဟုဆိုသော်လည်း  ဇူလိုင်လ (၃၀) ရက်နေ့က ပထမအသုတ်အဖြစ် (၃၃) ဦးလွှဲပြောင်းလာစဉ်ကလည်း COVID 19 ကူးစက်ထားသူ (၁) ဦးတွေ့ရပြီး ယနေ့ ဒုတိယအသုတ် (၂၀၀) ဦးတွင် COVID 19 ကူးစက်ထားသူ (၂၇) ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။



COVID 19 စစ်ဆေးတွေ့ရသူများကို တာချီလိတ်မြို့ရှိ အတည်ပြုလူနာများထားရာအဆောင်များသို့ ပို့ဆောင်ထားမည်ဖြစ်ပြီး ကျန်သူများကို စီစဉ်ပေးထားသည့်ကားများဖြင့် နေရပ်ပြန်ပို့မည်ဖြစ်သည်။

ပုံအညွှန်း - လာအိုဘက်တွင် တာချီလိတ်သို့ ပြန်ရန် ပြင်ဆင် လူစု နေစဉ်



ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းက နေရပ်ပြန်များအား လက်ခံရာတွင် အတူဝင်လာသည့်အဖွဲ့မှ COVID 19 တွေ့ပါက ကျန်လူများကို ထိတွေ့များအဖြစ် Quarantine တွင် သတ်မှတ်ရက်အတွင်း စောင့်ကြည့်ကာ COVID 19 စစ်ဆေးပြီး Negative ဖြစ်မှ နေရပ်ပြန်ခွင့်ပေးခြင်းဖြစ်သော်လည်း လက်ရှိတွင် ထိတွေ့များကို Quarantine ထားနိုင်ခြင်းမရှိဘဲ ချက်ချင်းပြန်လွှတ်ပေးနေခြင်းဖြစ်သည်။



ဒုတိယအသုတ်ပြန်လာသည့် မြန်မာနေရပ်ပြန်များအတွက် မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်း စက်လှေခ၊ ဝမ်ပုံတွင် COVID 19 စစ်ဆေးခနှင့် ဝမ်ပုံမှ တောင်ကြီးသို့ ကားခတို့ကို ဝစီပိတ်ဆရာတော်၊ တာချီလိတ်ခရိုင် COVID 19 ထိန်းချုပ်ရေးကော်မတီနှင့် အလှူရှင်များက ကျခံပေးသည်ဟု သိရသည်။



 တာချီလိတ်မြို့နယ် တစ်ဖက်ကမ်းရှိ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်ခွင့်စောင့်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ရာပေါင်းများစွာတွင် COVID 19 Positive ဖြစ်နေသူများရှိပါကလည်း မြန်မာဘက်က လက်ခံမည်ဟု နှစ်နိုင်ငံတွေ့ဆုံစဉ်ပြောကြားထားသည်ဟု သိရသည်။