အထူးဒေသ(၄) နမ့်ပန်းဒေသမှ မြန်မာလုပ်သား (၂၀၀)ကျော် မိုင်းယုမြို့မှ တဆင့် နေရပ်ပြန်

အထူးဒေသ(၄) နမ့်ပန်းဒေသမှ မြန်မာလုပ်သား (၂၀၀)ကျော် မိုင်းယုမြို့မှ တဆင့် နေရပ်ပြန်
By ကိုကိုနိုင်

အထူးဒေသ(၄) နမ့်ပန်းဒေသမှ မြန်မာလုပ်သား (၂၀၀)ကျော် မိုင်းယုမြို့မှ တဆင့် နေရပ်ပြန် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ နေရပ်ပြန် မြန်မာအလုပ်သမား(၂၀၉)ဦးကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၃)ရက်၊ နံနက် (၈)နာရီဝန်းကျင်အချိန်က မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် မိုင်းယုဖက်သို့ သက်ဆိုင်ရာအဖွဲ့များက ပို့ဆောင်ပေးခဲ့သည်။

နေရပ်ပြန် မြန်မာလုပ်သားများမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ မန္တလေး၊ ပဲခူး၊ မကွေး၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ပြီး အမျိုးသား (၁၄၀)ဦး နှင့် အမျိုးသမီး (၆၉)ဦး တို့ ပါဝင်သည်။ အဆိုပါ နေရပ်ပြန်များကို အထူးဒေသ(၄)၊ နမ့်ပန်းဒေသမှ ဒု-အုပ်ချုပ်ရေးမှူး ဦးအိုက်စိုင်းမွန်းနှင့်အဖွဲ့က မိုင်းယု-ကျိန်းယဲန်းတံတားပေါ်တွင် လွှဲပြောင်းပေးရာ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယောင်းမြို့နယ် စခန်းမှူး ရဲမှူး မျိုးမြင့်ဦးနှင့် မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့ထံ လက်ခံကြို ဆိုခဲ့ကြသည်။

နေရပ်ပြန်အလုပ်သမားများကို မြို့မရပ်ကွက်ရှိ ကားကြီးကွင်းအနီးတွင် မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာအဖွဲ့တို့က မိမိဒေသတို့ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အတိုင်း မည်သို့အဆင့်ဆင့်သွားရောက်ရမည်စသည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး စစ်ဖက်ဆိုင်ရာ အဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက လိုအပ်သည့် လူဦးရေစာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန်စီစဉ် ပေးခြင်းများပြုလုပ်ပေးကြပြီး မိုင်းယုမြို့မှတစ်ဆင့် မိုင်းယောင်းမြို့သို့ သတ်မှတ်လိုင်းကား(၈)စီးဖြင့် ညနေ (၃)နာရီကျော်အချိန်က ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - ကိုကိုနိုင်(မိုင်းယု)