Covid-19 ကာလတွင်း အဆင်ပြေရေး တောင်ကြီးမြို့ရှိ Mr.Flannel  အထည်ဆိုင်က ကြက်ဥ တစ်လုံးလျှင် ကျပ်(၅၀)ဖြင့် အလုံးရေ (၁,၂၀၀) ပြန်ရောင်းလှူပေး

Covid-19 ကာလတွင်း အဆင်ပြေရေး တောင်ကြီးမြို့ရှိ Mr.Flannel  အထည်ဆိုင်က ကြက်ဥ တစ်လုံးလျှင် ကျပ်(၅၀)ဖြင့် အလုံးရေ (၁,၂၀၀) ပြန်ရောင်းလှူပေး
ဇူလိုင် 25, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရှိ Mr.Flannel  အထည်ဆိုင်က ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်တွင် ကြက်ဥ တစ်လုံးလျှင် (၅၀)ကျပ်နှုန်းဖြင့် အလုံး(၁,၂၀၀)ကို  ရောင်းချပေးကြောင်း သိရသည်။

လူအယောက်စေ့ ဝယ်ယူရရှိနိုင်ရေး နှင့် အဆင်မပြေသူများ အဆင်ပြေရေးအတွက် တစ်ဦးလျှင် (၁၀)လုံးသာ ရောင်းချပေးပြီး ယခုလို လုပ်ဆောင်ခြင်းမှာ လှူသည့်သဘောဖြင့် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

ကျွန်တော့် Page  မှာတင်ထားတာ အလုံးတစ်ထောင်ပါပဲ။ ကုန်သွားမှ လာမေး မေးနေကြတာနဲ့ ကျွန်တော် နောက်ထပ်အလုံး နှစ်ရာ ထပ်မှာပြီး ပြန်ရောင်းပေးလိုက်ပါတယ်ဗျ။

ဟု တောင်ကြီးမြို့ Mr.Flannel အထည်ဆိုင်မှ ကိုသန့်ဇင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

ကြက်ဥများကို တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ(၇)၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၁၉၁)ရှိ Mr.Flannel အထည်ဆိုင်တွင် ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်က စတင်၍ နံနက် (၉)နာရီဝန်းကျင်အထိ ရောင်းချပေးခြင်း ဖြစ်ပြီး အဓိက အားဖြင့် ကြက်ဥဈေးနှုန်းများ ပြန်လည် ကျဆင်းစေရန် ရည်ရွယ်၍လည်း ပြန်ဝယ်ပြီး   လှူသည့်အနေဖြင့် ကျပ်(၅၀)ဖြင့်သာ ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဓိက ကတော့ ကြက်ဥစျေးတွေက ကြီးနေတော့ အဆင်မပြေတဲ့သူတွေ အတွက် ရည်ရွယ်ပြီး တစ်လုံးကို ကျပ်,sနဲ့  ပြန်ရောင်းပေးတာပါဗျ လှူတဲ့သဘောလေးပါပဲ။ ကျွန်တော် တစ်ဦးကို (၁၀)လုံးပဲ ရောင်းပေးပါတယ်။ ကြက်ဥစျေးတွေ ကျစေချင်တဲ့ ရည်ရွယ်ချက်လဲ ပါ ပါတယ်။ ခုလှူတဲ့ ကြက်ဥဆိုက်က တစ်လုံးကို (၁၃၀)နဲ့ ဒိုင်မှာ ဝယ်ပြီး တစ်လုံးကို (၅၀)နဲ့ ပြန်ရောင်းပေးတာပါ။

ဟု ကိုသန့်ဇင်ထွန်းက ပြောသည်။

ယခုလို ရောင်းလှူပေးသည့် အစီအစဉ်တွင် လူစုလူဝေးမဖြစ်ရန်အတွက်လည်း စီစဉ်ပြီး ရောင်းချပေးခဲ့သလို နှာခေါင်းစည်း(Mask)များပါ ပေးဝေသည့်အပြင် နောက်ပိုင်းတွင်လည်း ဆိုင်တွင် မရောင်းချတော့ဘဲ အခြားနည်းလမ်းများ စီစဉ်ထားကြောင်းလည်း သိရသည်။

မနက်(၈)နာရီခွဲလောက်ကနေ (၉)နာရီထိလောက်ပဲ၊ နာရီဝက်လောက် ရောင်းလိုက်ရပါတယ်။ ကျွန်တော့်ဆိုင်မှာ လူစုလူဝေးလဲ အရမ်းဖြစ်မှာဆိုးလို့ ဒီနေ့ တစ်ရက်ပါပဲ။ နောက်နေ့မှာတော့ Lockdown ချထားတဲ့ အိမ်တွေကို သွားလှူပေးဖို့ရှိတယ်။ နောက်ထပ် အခုလို ရောင်းနိုင်အောင်လည်း စီစဉ်နေပါတယ်။  ကားနဲ့တခြား ရပ်ကွက်တွေမှာ သွားရောင်းပေးဖြစ်မယ်ဗျ။

ဟု ကိုသန့်ဇင်ထွန်းက ပြောသည်။

တောင်ကြီးမြို့တွင် ကြက်ဥဒိုင်ဈေးများမှာ (၁၀)လုံး (၁,၃၀၀)မှ (၁,၆၀၀)အထိ ရှိပြီး ပြန်ရောင်းသည့် ဆိုင်များတွင် ကြက်ဥတစ်လုံးလျှင် ကျပ်(၂၀၀)မှ ကျပ်(၂၅၀)အထိ အစားစား ရှိနေကြောင်း နှင့် မြန်မာနိုင်ငံအတွင် Covid-19 တတိယလှိုင်း၏ ဇူလိုင်လ ပထမပတ်ကတည်းက စ၍ ဈေးနှုန်းမြှင့်တက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။ 



 

Photo: Mr.Flannel