ကျောက်မဲမြို့နယ်အတွင်း တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၄၁)ဦး တွေ့ရှိ

ကျောက်မဲမြို့နယ်အတွင်း တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၄၁)ဦး တွေ့ရှိ
ဇူလိုင် 30, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့ တစ်နေ့တည်းတွင် Covid-19 ကူးစက်ခံရသူ (၄၁)ဦးတွေ့ရှိ၍ စုစုပေါင်း (၄၆၆)ဦးအထိ ရှိနေကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့တစ်နေ့တည်း တွေ့ရသည့် အတည်ပြုလူနာ (၄၁)ဦးတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး၏ နေအိမ်တွင် နေထိုင်သူ လူနာတင်ယာဉ်မောင်းတစ်ဦးလည်း ပါဝင်ရာ ၎င်းသည် ပြီးခဲ့သည့် ရက်များက လူနာတင်ယာဉ်ဖြင့် ပိုးတွေ့လူနာများကို သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း PPE ဝတ်ဆင်ရာတွင် စနစ်တကျ ဝတ်ဆင်မှု အားနည်းချက်ရှိခဲ့ခြင်းကြောင့် ကူးစက်ခံခဲ့ရသည်ဟု သိရသည်။

ယင်းအပြင် နောင်ပိန်ကျေးရွာမှ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့မိသူ (၃)ဦး အပါအဝင် ဆေးခန်းဖွင့်လှစ်ထားသည့် ဆရာဝန်(၁)ဦးတွင်လည်း Covid-19 ပိုးတွေ့ရကြောင်း သိရသည်။ 

 

ကျောက်မဲမြို့နယ်၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့ကစပြီး ဇူလိုင်လ(၃၀)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၄၆၆)ဦးအထိရှိခဲ့ရာတွင် သေဆုံးသူ (၂၁)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂၀၀)နီးပါးအထိ ရှိကြောင်း သိရသည်။