မိုင်းယုမြို့တွင် သံဃာတော်တစ်ပါးထံက Covid-19 ပိုးတွေ့

မိုင်းယုမြို့တွင် သံဃာတော်တစ်ပါးထံက Covid-19 ပိုးတွေ့
ဇူလိုင် 30, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့၌ Covid-19 ကူးစက်ခံထားရသူများနှင့် ထိတွေ့မှုရှိသူများကို စစ်ဆေးရာက သံဃာတော်တစ်ပါးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

မိုင်းယုမြို့ပေါ် မြို့မရပ်ကွက်ရှိ ကြွမ်ဟိန်တည်းခိုခန်းတွင် တည်းခိုခဲ့သည့် Covivd-19 ပိုး ကူးစက်ခံထားရသူနှင့် ထိတွေ့မှုရှိခဲ့သည့် (၂၅)ဦး အပါအဝင် ဇူလိုင်လ(၂၈)ရက်နေ့က စစ်ဆေးတွေ့ရှိရသည့် အတည်ပြုလူနာတို့နှင့် ထိတွေ့မှုရှိခဲ့သူ (၁၄)ဦး စုစုပေါင်း (၃၉)ဦးကို စစ်ဆေးရာမှ သံဃာတော်တစ်ပါးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့လူနာမှာ သံဃာတော်တစ်ပါးဖြစ်ပြီး ၎င်းသည် မည်သည့် ကျောင်းတိုက်က ဖြစ်ကြောင်း နှင့် သက်တော် ဝါတော်များကိုတော့ မိုင်းယုမြို့တာဝန်ရှိသူများက ထုတ်ဖော်အသိပေးထားခြင်း မရှိပေ။

မိုင်းယုမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကနေ စတင်ခဲ့ရာ ယနေ့ ဇူလိုင်လ(၃၀)ရက်နေ့ ညနေပိုင်းအချိန်အထိ အမျိုးသမီး (၁၂)ဦး နှင့် အမျိုးသား(၁၃)ဦး  စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ  (၂၅)ဦး အထိရှိလာပြီး ၎င်းတို့အားလုံးသည် ကျန်းမာရေး ကောင်းမွန်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းထဲက တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် မိုင်းယု မြို့ပေါင်း (၆)မြို့အနက် တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၁၂၀၀)ကျော်အထိရှိနေပြီး တစ်ခရိုင်လုံးတွင် သေဆုံးသူ (၇)ဦး ရှိသည်။