ကျောက်မဲမြို့နယ်အတွင်း ဆေးရုံအုပ်၏ မိသားစုဝင် တစ်ဦး အပါအဝင် သေဆုံးသူ (၂)ဦး ထပ်တိုး၍ သေဆုံးသူ (၁၈)ဦးအထိ ရှိလာ

ကျောက်မဲမြို့နယ်အတွင်း ဆေးရုံအုပ်၏ မိသားစုဝင် တစ်ဦး အပါအဝင် သေဆုံးသူ (၂)ဦး ထပ်တိုး၍ သေဆုံးသူ (၁၈)ဦးအထိ ရှိလာ
ဇူလိုင် 28, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၂၈ )ရက် တစ်နေ့တာအတွင်း COVID 19 စစ်ဆေးတွေ့ရှိသူ (၁၅) ဦးရှိသဖြင့် မြို့နယ်အတွင်း စုစုပေါင်းအတည်ပြုလူနာ (၄၂၄) ဦးတွေ့ရှိထားပြီဖြစ်သည်။

ယနေ့ထပ်တိုးသည့် အတည်ပြုလူနာများအနက် နောင်ပိန်ကျေးရွာမှ အမျိုးသား (၁) ဦးမှာ သံသယလက္ခဏာများဖြင့် သေဆုံး၍ စစ်ဆေးရာမှ COVID 19 ပိုးတွေ့ရခြင်းဖြစ်ပြီး ကျောက်မဲမှ အတည်ပြုလူနာ (၁) ဦးလည်း သေဆုံးသွားသဖြင့် မြို့နယ်အတွင်း COVID 19 ဖြင့် သေဆုံးသူစုစုပေါင်း (၁၈) ဦးရှိပြီဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း အတည်ပြုလူနာများလာသဖြင့် ခရိုင်ပြည်သူ့ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့၌ ထားရှိရန် နေရာမလောက်သဖြင့် အတည်ပြုလူနာများအား နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိနေခြင်း ဖြစ်သည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင်လည်း အတည်ပြုလူနာဆောင်အပြည့် လူနာလက်ခံကုသပေးနေရာ ဆေးရုံရှိဧည့်ကြိုဝန်ထမ်း (၁)  ဦး၊ သူနာပြုဆရာမ (၁) ဦး၊ COVID 19 သီးသန့်ကုသဆောင်မှ အထွေထွေလုပ်သား (၁)ဦးတို့တွင်လည်း COVID 19 ကူးစက်ခံထားရသည့်အပြင် ခရိုင်ဆေးရုံအုပ်၏ မိသားစုဝင်တစ်ဦးမှာလည်း COVID 19 ဖြင့် သေဆုံးသွားကြောင်း သိရသည်။

မြို့နယ်အတွင်း COVID 19 တတိယလှိုင်းကို ဇွန်လ (၂၀) ရက်နေ့က စတင်ကြုံခဲ့ကြရခြင်းဖြစ်ပြီး ယနေ့အထိ အတည်ပြုလူနာ (၄၂၄) ဦးအနက်မှ သေဆုံးသူ (၁၈) ဦးရှိပြီး ဆေးရုံဆင်းသူ (၁၅၀) ကျော်ရှိပြီဖြစ်သည်။

#TachileikNewsAgency