လောက်ကိုင်တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားပြီး ရောင်းစားခံရသည့် အမျိုးသမီး(၄)ဦးအနက် (၂)ဦး ပြန်လည် လွတ်မြောက်လာ

လောက်ကိုင်တွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားပြီး ရောင်းစားခံရသည့် အမျိုးသမီး(၄)ဦးအနက် (၂)ဦး ပြန်လည် လွတ်မြောက်လာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လောက်ကိုင်မြို့တွင် အလုပ်အကိုင် ရမည်ဟုဆိုကာ ရောင်းစားခံရသည့် အမျိုးသမီး(၄)ဦးအနက် (၂)ဦးသည် ရောင်းစားခံရအပြီး (၃)ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီး ကျန်(၂)ဦးမှာ သတင်းအစအန မရှိသေးကြောင်း သိရသည်။

မူဆယ်မြို့နေ ပွဲစားအမျိုးသမီးတစ်ဦးက အမျိုးသမီးငယ်(၄)ဦးကို လောက်ကိုင်မြို့ပေါ်ရှိ KTV ဆိုင်တစ်ဆိုင်တွင် တစ်လလျှင် ကျပ်သိန်း(၄၀)ကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ (၁၀,၀၀၀)ကျော် ရှိမည်ဟု ဆိုကာ လိမ်လည်ပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က လိမ်လည်ခေါ်ဆောင်သွားကာ တရုတ် ယွမ်ငွေ (၂၀,၀၀၀)ဖြင့် ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူပြောတာ မင်းတို့အလုပ်ချင်ရင် လောက်ကိုင်မှာ အလုပ်ရှိတယ်တဲ့။ ကျွန်မတို့လည်း လုပ်မယ်ပေါ့။ မနက်ရောက်တော့ သူ ကျွန်မတို့ကို လာခေါ်တယ်။ အဲအထဲမှာ ကချင်အမျိုးသမီး ( ၂ )ယောက်လဲပါတယ်။ ကျွန်မတို့ (၄)ယောက်ပေါ့။ သူက ကျန်မတို့ကို ဝ ပြည် နမ့်သစ်မြို့ထိ လိုက်ပို့ပေးတယ်”ဟူ ပြန်လည် လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသမီးငယ်(၄)ဦးအား "ဝ"ကိုယ်ပိုင်အပ်ချုပ်ခွင့်ရဒေသ၊ နမ့်သစ်မြို့ရှိ ဂိတ်တစ်ခုကနေ နောက်ထပ်ကားသမားတစ်ဦးက မိုင်းမော်မြို့အထိ ခေါ်ဆောင်သွားချိန် မိုင်းမော်သို့ အရောက်တွင် ၎င်းတို့သည် ရောင်းစားခံရမှန်း သိပြီး ထွက်ပြေးကြချိန်တွင် အမျိုးသမီး(၄)ဦးမှာ လုစုကွဲသွားကြကြောင်း သိရသည်။ 

“အဲမိုင်းမော်မှာ ရောက်နေတဲ့ ကျွန်မတို့ သူငယ်ချင်းကနေ တစ်ဆင့် ကျွန်မတို့ နေရာကို ပြောပြပြီးတော့ ရဲတွေက လာခေါ်ပေးတာ။ အဲမှာကတည်းက ကျွန်မတို့ လူစုကွဲသွားတော့ ကချင်မလေး ( ၂ )ယောက်လည်း မတွေ့တော့ဘူး”ဟု ၎င်းက ဆက်လက်ပြောပြသည်။

ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးငယ် (၂)ဦးမှာ တအာင်း(ပလောင်)ဒေသ မန်တုံမြို့နယ် ဆိုင်းလိန်ကျေးရွာအုပ်စုတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့နှင့်အတူ ရောင်းစားခံရသည့် ကျန်အမျိုးသမီးနှစ်ဦးဖြစ်သူမှာ လူစုကွဲသွား၍ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုတော့ မသိရကြောင်း သိရသည်။ 

နိုင်ငံအား စစ်တပ်မှ အာဏာသိမ်းထားသည့် (၂)နှစ်ကျော် ကာလအတွင်း၌ အလုပ်အကိုင် ရှားပါးမှုများနှင့် ကြုံလာကြသည့် လူငယ်တော်တော်များများမှာ အပျော်အပါးလုပ်ငန်းများ နှင့် လောင်းကစားလုပ်ငန်းများ အားကောင်းသည့် လောက်ကိုင် နှင့် "ဝ"ဒေသသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြရသလို ယခုလို လိမ်လည်ခံရမှုများ နှင့် ရောင်းစားခံရသူများ၊ လှောင်ပိတ်ပြီး အလုပ် လုပ်ခိုင်းစေမှုများပါ ခပ်စိတ်စိတ်ဖြစ်ပွားလာနေသည်။