Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားခ နှင့် ဆိုင်ခန်းငှားခများ လျှော့ပေါ့ပေးရေး သက်ဆိုင်ရာမှ ယခင်လို ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်နေ

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားခ နှင့် ဆိုင်ခန်းငှားခများ လျှော့ပေါ့ပေးရေး သက်ဆိုင်ရာမှ ယခင်လို ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်နေ
ဇူလိုင် 27, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကူးစက်မှုများကြောင့် Stay at Home သတ်မှတ်ထားပြီး လုပ်ငန်းများ ရပ်နားထားရသည့် တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားဖြင့် နေထိုင်ရသူများအတွက် နေအိမ်အခန်းငှားခများကို အိမ်ပိုင်ရှင်များက မလျော့ပေးသည့်အပြင် လကုန်လျှင် လစာ မပေးနိုင်ပါက ဖယ်ရှားပေးရန် ပြောဆိုမှုများအပြင်  ဆိုင်ခန်းပိုင်ရှင်များမှာလည်း ဈေးလျော့ပေးခြင်းမရှိ၍  အခက်အခဲ ဖြစ်နေခြင်းကြောင့် သက်ဆိုင်ရာများအနေဖြင့် နေအိမ်ပိုင်ရှင်များ နှင့် ညှိနှိုင်ပေးစေလိုကြောင်း ငှားရမ်းနေထိုင်သူများက ပြောဆိုနေကြသည်။

ကျွန်မတို့ တာချီလိတ်မှာ အခုကာလ အိမ်ခန်းငှားတွေ အရမ်းဒုက္ခရောက်နေကြတယ်။ လာမဲ့ရက်တွေကို ကျော်ဖြတ်ဖို့ အတော် ဒုက္ခ ရောက်နေကြပြီ။ တံတား(၁)ထိပ်နားက အခန်းတွေက ပိုဆိုးပါတယ်။  မီတာခကို တစ်ယူနစ် (၁၀)ဘတ်၊ ရေခလည်း တစ်ယူနစ် (၁၀)ဘတ်ပေးရတယ်။ လကုန် (၅)ရက်ထက် နောက်ကျတာနဲ့ ဖယ်ခိုင်းနေပါတယ်။ အခုက အဆိုးဆုံး အခြေအနေ ဖြစ်နေတဲ့အချိန် ဝန်ထမ်းတွေ အကုန် အလုပ်နားထားရတဲ့ အချိန်၊ စားဖို့တောင် မနည်းရုန်းနေရချိန်မှာ အိမ်ခန်းငှားခက အတော်ကို ဒုက္ခဖြစ်နေကြပါပြီ။ အခန်းခက တစ်လ(၂,၅၀၀)ဘတ် မီတာ နဲ့ ရေခအပါအဆို တစ်ခန်းကို တလ (၃,၅၀၀)လောက်အနည်းဆုံးပေးကြရပါတယ်။ ပထမတုန်းက (၅၀၀)တခါ လျှော့ပေးဖူးတာ၊ တခါပဲလျှော့တာ။ အခုက မလျှော့ပေးနိုင်ရင်တောင် ဖယ်ခိုင်းတာမျိုးမလုပ်ဘဲ စောင့်ပေးနိုင်ရင် အဆင်ပြေနိုင်ပါတယ်။ အခုက လစာမပေးနိုင်ရင် ဖယ်ပေးရမှာ

ဟု ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးတွင် အခန်းငှားဖြင့် နေထိုင်သူ အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၇)ရက်နေ့တွင် ပြောသည်။ 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း မြို့မီးလင်းရေးကော်မတီက အိမ်သုံးမီတာများကို ဈေးလျှော့ချသတ်မှတ်ပေးလာသော်လည်း မီတာခသက်သာခြင်းမှာ အိမ်ပိုင်ရှင်အတွက်သာဖြစ်ပြီး အိမ်ငှားနေသူများအတွက် မပါဝင်ကြောင်း ဆိုသည်။

မီတာရုံးက လျှော့ပေးတာကလည်း အိမ်ရှင်တွေအတွက်ပဲ အိမ်ငှားတွေအတွက် မပါ ပါဘူး။

ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု မြှင့်တက်နေသည်မှာ ဇွန်လ(၂၈)ရက်နေ့က စ၍ ဇူလိုင်လ(၂၇)ရက်နေ့အထိ ရက်ပေါင်း(၃၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၁,၁၀၀)ကျော်အထိ ရှိနေသလို သေဆုံးသူမှာလည်း (၆)ဦးအထိ ရှိထား၍ Stay at Home အဖြစ် ဆက်လက်သတ်မှတ်ထားရှိရာ ဟင်းသီး၊ဟင်းရွက်များနှင့်သားငါးရောင်းချမှုများက လွဲ၍ ဈေးများအားလုံး ပိတ်ထားရသည့် နည်းတူ စားသောက်ဆိုင်များအနေဖြင့်လည်း ဆိုင်ထိုင်ရောင်းချခွင့် မရှိတော့သည့်အတွက် အဆင်မပြေမှုများရှိလာကြောင်း သိရသည်။

ခုက ကိုဗစ်ကြောင့် ဆိုင်လည်း မရောင်းရတော့ဘူး။ တော်တော်များများကလည်း ဆိုင်ထိုင်စားမှ အရသာတွေ့တဲ့ သဘောမျိုးရှိတယ်။ ပါဆယ်စနစ်ကတော့ ဝယ်သူနည်းတော့ အတော်လေးကို ရောင်းအားကျသွားလို့ ဝန်ထမ်းအင်အားတစ်ဝက်ကျော်တောင် ခဏနားခိုင်းထားရတယ်။ ဆိုင်က ဝန်ထမ်းတွေအများစုကလည်း အများအားဖြင့် သူတို့က အခန်းငှားနေရတော့ အဆင်မပြေမှုတွေရှိတယ်ပြောလာကြတယ်

ဟု စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကလည်း ပြောသည်။



တာချီလိတ်မြို့တွင် ပြီးခဲ့သည့် Covid-19 ဒုတိယလှိုင်းကာလတုန်းက အိမ်ခန်းငှားများအပေါ် အိမ်ပိုင်ရှင်များနှင့်ဆိုင်ခန်းငှားပိုင်ရှင်များအနေဖြင့် ဈေးနှုန်းများကို သတ်မှတ်ကာလအထိ လျှော့ပေါ့ ကောက်ခံပေးရန်အတွက် သက်ဆိုင်ရာများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သလို ယခု Covid-19 တတိယလှိုင်းတွင်လည်း ညှိနှိုင်းပေးရန် လိုလားနေကြောင်း သိရသည်။

ဒီနေ့က (၂၇)ရက်နေ့ဗျာ။ လကုန်ရင် အခန်းခ လာတော့မှာ လမကုန်ခင် အချိန်မီ အရင်လို သက်ဆိုင်ရာများအနေနဲ့ ကူညီပေးစေချင်ပါတယ်။ ကျွန်တော်တို့ အလုပ်က အရင်လိုပဲဆိုရင်တော့ ကိစ္စမရှိဘူး။ အခုက နားထားရတော့ ဝင်ငွေမရှိဘူး။ အဲ့အတွက် ကူညီပေးစေချင်တယ်။ မီတာခတွေကလည်း လျှော့ပေးတယ်တာ ပြောနေတာ အိမ်ရှင်တွေနဲ့ အိမ်တာဝန်ခံတွေက မလျှော့ပေးဘူး။ ဒီကြားထဲ လကုန်လို့ လစာ မပေးနိုင်ရင် ပြောင်းပေးရမှာ။ ကျွန်တော့် အသိနေတဲ့ အိမ်ခန်းငှားဆိုရင် သတ်မှတ်ရက်မှာ မပေးနိုင်လို့ဆိုပြီး ရက်တိုးနဲ့မှတ်ပြီး ရက်လွန်ကြေးလိုမျိုး ကောက်တာရှိသေးတယ်။ တချို့လည်း အိမ်လခ တိုးကောက်မယ်လို့တောင် ကြားသေးတယ်ဗျာ

ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်အခန်းငှားဖြင့် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

Covid-19 အခြေအနေကြောင့် နေအိမ်အခန်းခများကို လျှော့ပေးသလို သက်ဆိုင်ရာဌာနများအနေဖြင့်လည်း အခွန်အခကို လျော့ပေါပေးစေလိုကြောင်း အိမ်ခန်းငှား ပိုင်ရှင်တစ်ဦးကလည်း ပြောသည်။

ကျွန်တော်တို့ဘက်က နေအိမ်အခန်းခတွေကို လျှော့ပေးလို့ရတယ်။ ပြီးခဲ့တုန်းကလည်း ကျွန်တော့် အိမ်ခန်းငှားတွေကို သတ်မှတ်ကာလ (၃)လလုံး တစ်လကို (၁)ထောင်စီတောင် လျှော့ပေးခဲ့တာ။ နေအိမ်အခန်းငှားပိုင်ရှင်တွေက ပေးဆောင်ရတဲ့ အခွန်အခတွေကိုလည်း ဒီကာလတွင်းအတွက် သက်ဆိုင်ရာက ပြန်ညှိပေးစေချင်တယ်။ အခွန်အခတွေ အနေနဲ့ စည်ပင်ကိုလည်း ပေးရသလို ပြည်တွင်းအခွန်ကိုလည်းပေးရတယ်။ ဒါတွေကိုလည်း ညှိပေးနိုင်ရင် ကျွန်တော်တို့ဘက်လည်း အဆင်ပြေတာပေါ့။ မလျော့ပေးဘူးလို့ ပြောတာမဟုတ်ဘူးနော်။ နှစ်ဦးနှစ်ဖက် ပြန်ကြည့်ပေးစေချင်လို့ ပြောတာပါ

ဟု ဆန်ဆိုင်းရပ်ကွက်အတွင်းမှ နေအိမ်အခန်းငှားပိုင်ရှင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့် အတွက် ဒေသအသီးသီးမှ လာရောက် အလုပ် လုပ်ကိုင်သူ များပြားသဖြင့် အိမ်ခန်းငှားရမ်းသည့် အဆောက်အဦပေါင်း (၇၀၀) ကျော်တွင် အိမ်ခန်းပေါင်းထောင်နှင့်ချီ၍ ရှိနေပြီး အခန်းတစ်ခန်းလျှင် အနည်းဆုံး ဘတ် (၁,၅၀၀) မှ ဘတ်(၇,၀၀၀)အထိ၊ ဆိုင်ခန်းများအနေဖြင့် အနည်းဆုံး ဘတ်(၄,၀၀၀)မှ ဘတ်(၂၀,၀၀၀) အထက်အထိ ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်အတွင်း၌ နေအိမ်အခန်းငှားရမ်းနေသည့် အဆောက်အဦ အရေအတွက်မှာ ပုန်းထွန် ရပ်ကွက်တွင် (၇၀)ကျော်၊ တာလော့ ရပ်ကွက်တွင် (၅)နေရာ၊ ဝမ်ကောင်း ရပ်ကွက်တွင် (၁၀၀)ကျော်၊ မကာဟိုခမ်း ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၁၆၂)နေရာ၊ ဆန်ဆိုင်း(က) ရပ်ကွက် (၃၀)နီးပါး၊ မယ်ခေါင်ရပ်ကွက်တွင် (၈၀)ဝန်းကျင်၊ ရန်အောင်မြေရပ်ကွက်တွင် (၁၃၀) ဝန်းကျင်၊ ဝိန်းကျောက်ရပ်ကွက်တွင် (၆၀) ဝန်းကျင်၊ ပါဆတ်ရပ်ကွက်တွင် (၁၅)ဝန်းကျင်၊ ဆေခမ်းရပ်ကွက်တွင် (၁၀)ဝန်းကျင် စုစုပေါင်း နေအိမ်အခန်းငှားအဆောက်အဦ (၇၀၀)နီးပါးမှ အခန်းပေါင်း ထောင်နှင့်ချီ၍ရှိကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် Covid-19 ဒုတိယလှိုင်းကလာဖြစ်သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလတုန်းက နေအိမ်နှင့်ဆိုင်ခန်းငှားပိုင်ရှင်များ အနေဖြင့် (၃)လတာ ကာလအတွင်း ငှားရမ်းခများ လျှော့ပေးနိုင်ရေးအတွက် ခရိုင်/မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့က မေတ္တာရပ်ခံရာ ထိုစဉ်က သက်ဆိုင်ရာ ရပ်ကွက်ရုံးများက နေအိမ်အခန်းနှင့်ဆိုင်ခန်းငှားပိုင်ရှင်များနှင့် တွေ့ဆုံပြီး ငှားရမ်းခလျှော့ပေါ့ပေးရန် ညှိနှိုင်းပေးမှုများ လုပ်ဆောင်ရာ အချို့အိမ်ရှင်များမှာ ထက်ဝက်နှုန်းအထိ လျှော့ပေါ့ကောက်ခံခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။