တာချီလိတ်မြို့ အထကကျောင်းရှေ့တွင် ညောင်သီးများကြောင့် လမ်းချော်ကာ လဲသွားသည့် ဆိုင်ကယ်အား ထိုင်းနံပါတ်တပ် မော်တော်ယာဉ်က အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေး

တာချီလိတ်မြို့ အထကကျောင်းရှေ့တွင် ညောင်သီးများကြောင့် လမ်းချော်ကာ လဲသွားသည့် ဆိုင်ကယ်အား ထိုင်းနံပါတ်တပ် မော်တော်ယာဉ်က အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေး
မတ် 3, 2020
By Tachileik News Agency
တာချီလိတ်မြို့ အထကကျောင်းရှေ့တွင် ညောင်သီးများကြောင့် လမ်းချော်ကာ လဲသွားသည့် ဆိုင်ကယ်အား ထိုင်းနံပါတ်တပ် မော်တော်ယာဉ်က အရှိန်ပြင်းစွာ ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေး

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၃)ရက်နေ့ ည (၈)နာရီဝန်းကျင်က လမ်းပေါ်ကြွေကျသည့် ညောင်သီးများကြောင့် ဆိုင်ကယ်တစ်စီး လမ်းချော်သွားစဉ် ထိုင်းနံပါတ်တပ် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ည(၇)နာရီကျော်က မိုးအနည်းငယ် ရွာသွန်းချိန်တွင် အထက(တာချီလိတ်)ကျောင်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ညောင်ပင်မှ ညောင်သီးများ လမ်းပေါ်ကြွေကျရာ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ လမ်းချော်မှု ဖြစ်နေခဲ့ပြီး အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှာ လမ်းချော်၍ လဲနေစဉ် ကားက အရှိန်ပြင်းစွာ ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

“ညောင်ပင်က ညောင်သီးတွေကြွေတော့ ဆိုင်ကယ်က စလစ်ဖြစ်ကုန်တာ။ အဲဒီမှာ လဲနေတဲ့ဆိုင်ကယ်ကို ထူနေတာကို စူပါကပ်စတန်တစ်စီးက အရှိန်နဲ့လာပြီး ဝင်တိုက်မိတာ။ လူက ကားအောက်မှာ အတော်ဝေးဝေးကို တရွတ်တိုက်ဆွဲပါသွားတာ။ ကားအောက်က လူလဲထုတ်ပြီးရော ကားသမားက ထွက်ပြေးသွားတာ။ ထိုင်းနံပါတ် ၃၂၀၀။ လူတွေဒီလောက်ဝိုင်းနေတဲ့ အများကြီးထဲကနေ ထွက်ပြေးသွားတာ အဲဒီကားသမားက။ ဒဏ်ရာရတဲ့လူကိုတော့ ကိုလှမိုးတို့ကားနဲ့ ဆေးရုံပို့ပေးလိုက်ပြီ”ဟု ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒဏ်ရာရသွားသူကို တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဒဏ်ရာရသူမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

"မိုးရွာလေတိုက်တော့ ညောင်သီးတွေက လမ်းပေါ်ကိုကျတော့ ညောင်စေးတွေနဲ့ လမ်းက ချော်နေတယ်၊ အဲဒီမှာ ဆိုင်ကယ်တွေက လမ်းပေါ်မှာ တစ်စီးပြီး တစ်စီးလဲတာဆိုရင် ဆိုင်ကယ် (၁၇)စီးတောင်လဲတယ်၊ မော်တော်ပီကယ်က လမ်းရှင်းပေးရင်း မီးသတ်ကိုပါ ခေါ်လိုက်တာ"ဟု ၎င်းက ဆက်ပြောသည်။

လမ်းမပေါ်မှ ညောင်သီးများကို မီးသတ်တပ်ဖွဲ့က ည(၈)နာရီ(၄၅)မိနစ်တွင် ရေဖြန်းရှင်းလင်းပေးနေပြီး အခင်းဖြစ်နေရာကို ယာဉ်ထိန်းတပ်ဖွဲ့က စစ်ဆေးကာ ယာဉ်တိုက်မှုမှ ထွက်ပြေးယာဉ်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~