မိုင်းရှူးမြို့နယ်အတွင်း မိုင်းအော့တွင် အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ် အပါအဝင် မိသားစု(၃)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မိုင်းရှူးမြို့နယ်အတွင်း မိုင်းအော့တွင် အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ် အပါအဝင် မိသားစု(၃)ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇူလိုင် 19, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာအုပ်စုအတွင်း လမ်းပေါ်တွင် မိသားစု(၃)ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း တောင်ရိုး နှင့် မိုင်းအော့အကြားတွင် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့ ညပိုင်းက ကားတစ်စီး သေနတ်နှင့် ပစ်ခတ်ခံရပြီးနောက် ကလေးငယ် အပါအဝင် မိသားစု(၃)ဦး သေဆုံးသွားခြင်းဖြစ်ကာ ကလေးငယ်မှာ အသက်(၁)နှစ်ကျော်သာ ရှိသေးသည်ဟု သိရသည်။

"မနေ့ညက မိုင်းအော့မှာ မိသားစုလိုက် ပစ်သတ်ခံရတယ်။ ကားထဲ ညက ပစ်သွားတာ။ ဘယ်က ပစ်သွားတာလဲတော့ သေချာမသိဘူး။ ကလေးနဲ့အမေတော့ ကားထဲမှာ ပွဲချင်းပြီး သေတာပါ။ ကလေးအသက်က (၁)နှစ်ကျော်ပဲရှိသေးတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့  ဇူလိုင်လ(၁၉)ရက်နေ့တွင် ပြောသည်။

သေဆုံးသူ အမျိုးသားမှာ ကိုသီဟ ဟု သိရပြီး ၎င်း၏ ဇနီးဖြစ်သူနှင့် အသက်(၁)နှစ်ကျော် ကလေးတို့ ပစ်သတ်ခံရသော်လည်း မည်သည့်အဖွဲ့က ပစ်သွားသည်ကို မသိရသေးကြောင်း ဒေသခံများထံက သိရသည်။

မိုင်းအော့ကျေးရွာအုပ်စုသည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ နယ်မြေတွင်း၌ ပါဝင်သလို အာဏာသိမ်းစစ်တပ်လည်းရှိကြောင်း သိရသည်။



#TachileikNewsAgency