တာချီလိတ် နှင့် ကျိုင်းတုံဒေသအတွင်း ဖမ်းမိထားသည့်   တရုတ်နိုင်ငံသားများ အနက် (၁၂)ဦး ယာယီထိန်းသိမ်းထားသည့် နေရာကနေ  ထွက်ပြေး လွတ်မြောက်သွား

တာချီလိတ် နှင့် ကျိုင်းတုံဒေသအတွင်း ဖမ်းမိထားသည့်   တရုတ်နိုင်ငံသားများ အနက် (၁၂)ဦး ယာယီထိန်းသိမ်းထားသည့် နေရာကနေ  ထွက်ပြေး လွတ်မြောက်သွား
ဒီဇင်ဘာ 13, 2023 | ရှမ်းရှေ့

 ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ဖမ်းဆီးရမိထားသည့် တရားမဝင်တရုတ်နိုင်ငံသားများကို တရုတ်အစိုးရထံ ထပ်မံလွှဲပြောင်းပေးရန်အတွက် ယာယီထိန်းသိမ်းထားသည့် ကျိုင်းတုံမြို့ရှိ အားကစားရုံအတွင်း သုံးထပ်ဆောင်မှ တရုတ်နိုင်ငံသားများအနက် (၁၂)ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

"သုံးထပ်ဆောင်ကနေ ခုန်ချပြီး ထွက်ပြေးသွားကြတယ်။  ကားတစ်စီးက စောင့်ကြိုသွားတယ်လို့လည်း အနီးပတ်ဝန်းကျင်တွေရဲ့ ပြောပြချက်အရ သိရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေ မထွက်အောင် တိုးတိုးတိတ်တိတ်လုပ်နေကြတယ်။ သူတို့ ထွက်ပြေးလွတ်မြောက်သွားတာကို ကူညီပေးသူတွေ ကြားခံလူတွေရှိတယ်လို့လည်း သံသယရှိထားတယ်လို့ သိရတယ်"ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ အကူးပိုင်းချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးထပ်ဆောင်ပေါ်ကနေ ခုန်ချထွက်ပြေးသည့် တရုတ်နိုင်ငံသား (၁၃)ဦးအနက် (၁)ဦးကိုတော့ ပြန်လည်ဖမ်းမိသွားကြောင်း သိရသည်။

ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း မြို့များ၌ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား စုစုပေါင်း (၅၇၃)ဦးကို   ၂၀၂၃ခုနှစ်၏ နိုဝင်ဘာလ(၁၉)ရက်နေ့က  မြန်မာ-တရုတ်နယ်စပ် မိုင်းလားဘက်ကနေတဆင့် တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများကိုလည်း ယင်းကဲ့သို့ ပြန်လည်လွှဲပြောင်းရန်အတွက် ကျိုင်းတုံမြို့ရှိ အားကစားရုံ၏ သုံးထပ်ဆောင်တွင် ယာယီထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ယာယီထိန်းသိမ်းထားစဉ်ကလည်း ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသားများထဲက အချို့ကို စရဖ၊ လဝက နှင့် ရဲတပ်ဖွဲ့ အပါအဝင် စစ်တပ်နှင့်နီးစပ်သူများက ငွေကြေးအပေးအယူပြုလုပ်ပြီး လူစားထိုးရန် သို့မဟုတ် လွတ်မြောက်နိုင်ရန် ကြိုးပမ်းမှုများရှိခဲ့သည့်အတွက် အထက်ဌာနအကြီးပိုင်းများက သတိပေးထားရသည်များကိုလည်း ကြားသိရကြောင်း ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။