နယ်မြေသတ်မှတ်ခြင်းထက် ဆွေးနွေးခြင်းကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု SSPP ကို RCSS က ပြန်လည် တုန့်ပြန်

နယ်မြေသတ်မှတ်ခြင်းထက် ဆွေးနွေးခြင်းကသာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု SSPP ကို RCSS က ပြန်လည် တုန့်ပြန်
အောက်တိုဘာ 3, 2021 | နိုင်ငံရေး| ရှမ်းတောင်
By Tachileik News Agency

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရန် ကြိုတင်သတ်မှတ်ချက်မထားဘဲ ဘုံသဘောတူညီချက်ရှာရန် ဆွေးနွေးမှုစတင်သင့်သည်ဟု SSPP/SSA ၏  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ RCSS/SSA  တုန့်ပြန်လိုက်သည်။

တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာကတော့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းသည်သာ အကောင်ဆုံးနည်းလမ်းဆိုတာ RCSS ဘက်က ထုတ်ပြန်ချက်တိုင်းမှာပါရှိတယ်။  ဒါအကောင်းဆုံးပဲ တွေ့ဆုံဆွေးနွေးဖြစ်ရင်ပေါ့လေ။ ဒါပေမဲ့ ဆွေးနွေးခြင်းက ခါတိုင်းကျတော့ precondition နဲ့လာတယ်။ သူက precondition ကျတော့ ဘယ်လိုလဲဆိုတော့ တောင်ပိုင်းကို အရင်ဆုတ်ပြီးမှ ဆွေးနွေးမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက်နဲ့လာရင်တော့ နည်းနည်းအခက်အခဲကတော့ ရှိမှာပေါ့နော်။ open အခြေအနေနဲ့ နှစ်ဖက်သဘောထားအရင်ဆွေးနွေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

ဟု RCSS/SSA မှ ဗိုလ်မှူး ခမ်းစံက Tachileik News Agency သို့ အောက်တိုဘာလ(၃)ရက်နေ့တွင် ပြောသည်။

စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ ဖြေရှင်းရန်  SSPP/SSA ၏ ဥက္ကဌ ဗိုလ်မှူးကြီး ပန်ဖထံ စာရေးသားညှိနှိုင်းထားမှုအား အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အောက်တိုဘာလ (၁) ရက်နေ့တွင် RCSS/SSA က ထုတ်ပြန်လိုက်ရာ SSPP/SSA က ဗိုလ်ချုပ် စဝ်ပန်ဖထံသို့ ပေးပို့သည့်စာအား ဗိုလ်ချုပ်ကြီး စဝ်ဆေထင်က ဇွန်လ (၁၈) ရက်နေ့ကတည်းက ပြန်ကြားထားသည်ဟု အောက်တိုဘာလ (၃) ရက်နေ့ ထုတ်ပြန်ချက်ဖြင့် ပြန်လည် ထုတ်ပြန်လာခြင်းဖြစ်သည်။

ကျွန်တော်တို့ RCSS ရဲ့ထုတ်ပြန်ချက်ထဲမှာ SSPP ဥက္ကဌဆီလိပ်မူထားတယ် အကြောင်းမပြန်ဘူးလို့ ပါတယ်။ နောက် SSPP ရဲ့ statement(ထုတ်ပြန်ချက်)ထဲမှာကျတော့ သူတို့က စာပြန်ပေးတယ်လို့ တုန့်ပြန်ထားတာရှိတယ်။ ဒီကိစ္စကို ရုံးလုပ်ငန်းအနေနဲ့ သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ လိပ်မူတာက SSPP ရဲ့ ဥက္ကဌကို လိပ်မူတာ။ သူတို့ပြန်ပေးတာက သူတို့နိုင်ငံရေးမှူးပေါ့နော် နိုင်ငံရေးပိုင်းက နာယက ဗိုလ်ချုပ်ဆေထင်ပေါ့နော် သူကနေပြီးတော့ စာပြန်ထားတယ်လို့ သူတို့ထုတ်ပြန်ထားတယ်။ ရုံးလုပ်ငန်းအနေနဲ့ကြည့်မယ်ဆို ဥက္ကဌကို လိပ်မူရင် ဥက္ကဌက စာပြန်ရမယ်။ ရုံးလုပ်ငန်းအရပေါ့နော်။ ကျွန်တော်တို့က နိုင်ငံရေးဌာနကို လိပ်မူတာမဟုတ်ဘူး။ ဥက္ကဌကို လိပ်မူတာ။ ဒါကြောင့် ရုံးလုပ်ငန်းအရ နည်းနည်းသွေဖီတယ်လို့ ကျွန်တော်တို့ ယူဆတယ်

ဟု  ဗိုလ်မှူး ခမ်းစံက ဆိုသည်။

နယ်မြေသတ်မှတ်ချက်ကို စတင်ပြီးမှ ဆွေးနွေးမှုစတင်နိုင်မည်ဟု SSPP က ထုတ်ဖေါ်ပြောကြားထားပြီး RCSS ကမူ ဆွေးနွေးမှုများကို ကြိုတင်သတ်မှတ်ချက်များမပါဘဲ စတင်လိုသည်ဟု ထုတ်ဖေါ်ပြောကြားထားသည်။

ဒါကတော့ ရပ်တည်ချက်နဲ့ဆိုင်တယ်။ သူတို့က RCSS တောင်ပိုင်းကို ဆုတ်သွားရင် ဒါက ဖြေရှင်းပြီးသားဖြစ်သွားပြီ။ ဆွေးနွေးဖို့လွယ်သွားပြီဆိုတဲ့ အခြေအနေနဲ့ သွားတယ်။ RCSS ကကျတော့ ဒါသမိုင်းကြောင်းအရရှိခဲ့တယ်။ ရှမ်းအချင်းချင်းအရင်ကလည်း တိုက်ဖူးတယ်။ ဒီရှမ်းအချင်းချင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်တယ်ဆိုတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးလေ။ အရင်ကလည်း ဒီပုံစံပဲ။ ပြန်လည်နေရာချထားရေး နယ်မြေခွဲခြားရေးတွေ ဆွေးနွေး။ ဆွေးနွေးရင်း အဆင်မပြေတော့ ပြန်တိုက်ကြ ဒီလိုမျိုးတွေဖြစ်တာ။ နေရာခွဲခြားရေးက နောက်ဆုံးရည်မှန်းချက်မဖြစ်ဘူး။ ဒီနှစ်ဖွဲ့ကြားမှာ သဘောထားတစ်ခုကျသွားပြီဆိုရင် လွယ်သွားပြီလေ။ အဖွဲ့ထဲမှာ အချင်းချင်း အရှေ့ပိုင်းလား၊ အနောက်ပိုင်းလား၊ တောင်ပိုင်းလား၊ မြောက်ပိုင်းလား နေရာချထားရေးက အဆင်ပြေပြီ

ဟု ဗိုလ်မှူးခမ်းစံက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် RCSS/SSA နှင့် SSPP/SSA တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူများရှိနေပြီး ဒေသခံများမှာ COVID 19 ကပ်ရောဂါဘေးအပြင် အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်းကြီးမြင့်ကာ စားဝတ်နေရေးအခက်အခဲများဖြင့်ပါ ရင်ဆိုင်နေရ၍ တိုက်ပွဲများရပ်၍ ဆွေးနွေးသင့်သည်ဟု RCSS/SSA က ဆိုသည်။

 

ဆက်စပ်သတင်း

RCSS အနေဖြင့် နယ်မြေသတ်မှတ်ချက်ကို လက်ခံဆွေးနွေးနိုင်မှ နှစ်ဖက်ဆွေးနွေးမှု စတင်နိုင်မည်ဟု SSPP တုန့်ပြန်