နမ္မတူမြို့နယ်အတွင်း မြို့နယ်ဆေးရုံအုပ် အပါအဝင် (၁၃)ဦးတွင် Covid-19 ပိုးတွေ့ရှိ

နမ္မတူမြို့နယ်အတွင်း မြို့နယ်ဆေးရုံအုပ် အပါအဝင် (၁၃)ဦးတွင် Covid-19 ပိုးတွေ့ရှိ
ဇူလိုင် 22, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း ဇူလိုင်လ(၂၁ )ရက်မှ ( ၂၂ )ရက်နေ့ ညနေပိုင်း အထိ Covid-19 ကူးစက်ခံထားရသူ ( ၁၃ )ဦးထပ်တိုး တွေရှိခဲ့သည့်အတွက် Covid-19 ပိုးတွေ့သူ စုစုပေါင်း ( ၉၇ )ဦး ရှိသွားပြီ ဖြစ်ပြီး ဆေးကုသနေစဉ် သေဆုံးသူ( ၃ )ဦးရှိကြောင်း သိရသည်။

ဇူလိုင်လ ( ၂၁ )ရက်နေ့၏ စစ်ဆေးချက်များအရ နမ္မတူမြို့နယ် အခြေခံ သတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်း Quarantine Center မှ ( ၉ )ဦး၊ လားရှိုးမှ ပြန်လာပြီး နမ္မတူမြို့ သ.တ.လ ရပ်ကွက်( ၄ )တွင် နေထိုင်သူ အမျိုးသား (၁)ဦး၊ နမ္မတူမြို့ ပြည်သူ့ဆေးရုံအုပ်နှင့် မိသားစုဝင် နှစ်ဦး တို့ အပါအဝင် စုစုပေါင်း ( ၁၃ )ဦးတွင် Covid-19 ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

နမ္မတူမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ ( ၁၆ )ရက်နေ့က စတင်၍ ကျောင်းဖွင့်လှစ်သင်ကြားနေသူ ကျောင်းဆရာမ (၃)ဦးထံ၌ Covid-19 ပိုး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂေါက်ကွင်း၌ ဂေါက်အိတ်သယ်သူအချို့ထံ Covid-19 ပိုး ထပ်တွေ့ခဲ့ရာမှ ပြည်သူများအတွင်း ပိုးတွေ့သူ အရေအတွက် တိုးပွားလာခြင်းဖြစ်သည်။

ဇူလိုင်လ ( ၂၂ )ရက် ညနေပိုင်းအထိ နမ္မတူမြို့တွင် Covid-19 ပိုးတွေ့ထားသော လူနာ စုစုပေါင်း ( ၉၇ )ဦးရှိပြီး၊ ဆေးကုသနေစဉ် သေဆုံးသူ ( ၃ )ဦးရှိကာ၊ ရောဂါသက်သာ၍ ဆေးရုံမှဆင်းသွားရသူ စုစုပေါင်း ( ၂၁ ) ဦးရှိသွားပြီ ဖြစ်သည်ဟု သိရသည်။