ကယားပြည်နယ်တွင် ရဲ (၅)ဦးနှင့် အချုပ်သား (၁၅)ဦး အပါအဝင် COVID 19 တွေ့ရသူ (၅၃)ဦး ထပ်တိုး 

ကယားပြည်နယ်တွင် ရဲ (၅)ဦးနှင့် အချုပ်သား (၁၅)ဦး အပါအဝင် COVID 19 တွေ့ရသူ (၅၃)ဦး ထပ်တိုး 
ဇူလိုင် 20, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ စစ်ဆေးချက်အရ လွိုင်ကော်မြို့မှ ရဲဝန်ထမ်း (၅)ဦးနှင့် အချုပ်သား (၁၅) ဦးအပါအဝင်  COVID 19 ပိုးတွေ့ရှိသူ အတည်ပြုလူနာ (၅၃) ဦးတွေ့ရသဖြင့် တစ်နေ့တာအတွင်း အတည်ပြုလူနာတွေ့ရှိမှုအများဆုံး စံချိန်တင်သွားကြောင်း သိရသည်။ 

ဇူလိုင်လ (၂၀) ရက်နေ့တွင် ကယားပြည်နယ်တွင်းရှိ  COVID 19 သံသယရှိသူ (၁၅၃) ဦးအား RDT ဖြင့် စစ်ဆေးပေးခဲ့ရာ  လွိုင်ကော်မြို့မှ ရဲဝန်ထမ်း (၅)ဦးနှင့် အချုပ်သား (၁၅)ဦးအပါအဝင် (၅၂)ဦး နှင့် ဘောလခဲမြို့တွင် (၁)ဦးတို့ထံတွင်  COVID 19 ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် စစ်ဆေးပေးချက်အရ လွိုင်ကော်အကျဥ်းထောင် မှ အချုပ်သား (၁၅)ဦးတွင်  COVID 19  ပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ရဲဝန်ထမ်း (၅)ဦး တွင်လည်း ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ရှိ အခြားပိုးတွေ့ရှိသူများမှာ  Quarantine ထားရှိသည့် Loikaw Princess Hotelတွင် (၂) ဦး၊ ကန်သာယာ Hotel တွင် ( ၁ )ဦး၊ ကွန်ပျူတာ တက္ကသိုလ် ( ၁၀ )ဦး၊ သူနာပြုသင်တန်းကျောင်း (၁၂) ဦး နှင့် လွိုင်ကော် ဆေးရုံကြီးတွင်( ၆)ဦး ဖြစ်ပြီး ဘောလခဲမြို့တွင် (၁)ဦး ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။ 

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသော အတည်ပြုလူနာ (၁)ဦးလည်း ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက သေဆုံးခဲ့သည်။

 လွိုင်ကော်မြို့နယ်အတွင်း  COVID 19  ရောဂါ ကူးစက်သူမြင့်မားလာသလို အနံ့ပျောက်၍ ဖျားနာနေသူများလည်း များပြားနေသဖြင့် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်ခြင်းဖြင့် ကူညီကြရန်  ပရဟိတအဖွဲ့များမှ တိုက်တွန်းထားသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင်  COVID 19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၂၀) ရက်နေ့ ညပိုင်းထိ လွိုင်ကော်မြို့တွင်  ( ၂၂၉)ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၃)ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၂၄၉)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgecny