လားရှိုးမြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး

Photo:   Covid-19 Operation Team ( Lashio )
Photo: Covid-19 Operation Team ( Lashio )
လားရှိုးမြို့တွင် Covid-19 အတည်ပြုလူနာ (၂)ဦး ထပ်တိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၏ မြို့မဈေးရှိ ဈေးကော်မတီရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် လားရှိုး - လောက်ကိုင် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးတို့ ထံတွင် ဇွန်လ (၁၅)ရက်နေ့တွင် Covid-19 ပိုးထပ်မံတွေ့ရှိသည့်အတွက်  ဇွန်လအတွင်း Covid-19 တွေ့ရှိသူ စုစုပေါင်း (၆၂)ဦးရှိသွားပြီဖြစ်သည်ဟု သိရသည်။



လားရှိုးမြို့မဈေးကြီးအတွင်းရှိ ဈေးကော်မတီရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် အနံ့ပျောက်ဝေဒနာခံစားရ သဖြင့် Covid-19 ပိုးရှိ မရှိ စစ်ဆေးမှုခံယူခဲ့ရာ ဇွန်လ (၁၅)ရက်ညနေပိုင်းက ရရှိသည့်အဖြေတွင် Covid-19 ပိုးတွေ့ရှိသည့်အတွက် မြို့မဈေးကော်မတီရုံးကို ပိတ်ထားလိုက်ပြီဖြစ်ပြီး မြို့မဈေးအတွင်းရှိ အခြားဈေးဆိုင်အချို့လဲ ထိတ်လန့် နေသည့်အတွက် မိမိတို့ဆန္ဒဖြင့် ပိတ်ထားကြသည်ဟု သိရသည်။



လားရှိုး-လောက်ကိုင် ခရီးသည်တင်ယာဉ်မောင်းနှင့်အတူ အမျိုးသားတစ်ဦးသည်လည်း လောက်ကိုင်ဘက်မှ လားရှိုး ဘက်သို့အဝင် ဟိုပိတ်ကျေးရွာရှိ Covid-19 စစ်ဆေးရေးဂိတ်တွင် ကိုယ်ပူချိန်အတိုင်းခံခဲ့ရာ အပူချိန်မြင့်မားနေသည့် အတွက် နှာခေါင်း ၊ အာခေါင်တို့ဖတ်ရယူ စစ်ဆေးခဲ့ရာမှ ဇွန်လ (၁၅)ရက် မွန်းလွဲပိုင်းအဖြေတွင် Covid-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ဇွန်လ (၇)ရက်နေ့ကစတင်၍ Covid-19 ပိုးတွေ့သူ တစ်ဦးရှိခဲ့ရာမှ စတင်ပြီး အသက် (၁၁)လအရွယ်ကလေးတစ်ဦး အပါအဝင် လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံရှိ Covid-19 ပိုး သီးသန့်ကုသဆောင်၌ ကုသမှုခံနေသူ (၅၈)ဦး နှင့် လားရှိုးမှ မန္တလေးသို့ လွှဲပြောင်း လူနာ (၄)ဦးတွင်လည်း Covid-19 ပိုးတွေ့ထားသဖြင့် လားရှိုး ဒေသခံ ပိုးတွေ့သူ စုစုပေါင်း ၆၂ ဦး ရှိပြီဖြစ်သည်ဟု သိရသည်။