အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားစဉ်ကာလအတွင်း COVID 19 ကူးစက်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားစဉ်ကာလအတွင်း COVID 19 ကူးစက်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်
ဇူလိုင် 20, 2021 | Covid-19

အာဏာသိမ်းအဖွဲ့က ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် COVID 19 ကူးစက်ခံရပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးဉာဏ်ဝင်းသည် အင်းစိန်ထောင်အတွင်း COVID 19 ကူးစက်ခံထားရကြောင်း ဇူလိုင်လ (၁၁) ရက်နေ့က သတင်းများထွက်လာပြီးနောက် ဇူလိုင်လ (၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်ဟု သိရသည်။

စစ်တပ်က ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက်  NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မမျိုးစုံဖြင့် တရားစွဲဆိုနေပြီး  NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

စစ်အာဏာသိမ်းကောင်စီက အာဏာသိမ်းမှုကိုလက်မခံသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည့် အကျဉ်းထောင်များတွင် COVID 19 စိုးရိမ်ရသည့်အခြေအနေများရှိနေကြောင်း သိရသည်။