ကယား​ပြည်နယ်တွင် ရဲ (၇) ဦး အပါအဝင် COVID 19 ကူးစက်ခံထားရသူ (၁၅)ထပ်တိုး

ကယား​ပြည်နယ်တွင် ရဲ (၇) ဦး အပါအဝင် COVID 19 ကူးစက်ခံထားရသူ (၁၅)ထပ်တိုး
ဇူလိုင် 19, 2021 | Covid-19| ကယား

ကယား(ကရင်နီ) ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ စစ်ဆေးချက်အရ ရဲ (၇)ဦး အပါအဝင် COVID 19 အတည်ပြုလူနာ (၁၅) ဦးထပ်တိုးတွေ့ရပြီး သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် ဇူလိုင်လ (၁၉) ရက်နေ့ စစ်ဆေးချက်အရ ပြည်နယ်ရဲရိပ်သာတွင် အသွားလာကန့်သတ်ထားသော ရဲဝန်ထမ်း (၇)ဦး အပါအဝင် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံ (၇)ဦး နှင့် ဘောလခဲမြို့မှ ဒေသခံ (၁)ဦး စုစုပေါင်း (၁၅)ဦးတွင် COVID 19 ကူးစက်နေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး၌ COVID 19  အတည်ပြုလူနာအဖြစ် ဆေးကုသမှုခံယူနေသော အသက် (၇၁)နှစ်အရွယ် အမျိုးသား( ၁)ဦး သေဆုံးသွားပြီး ဈေးပိုင်းရပ်ကွက်တွင် သေဆုံးသွားသော အသက် (၇၅)နှစ်အရွယ်အမျိုးသမီး (၁) ဦးနှင့် လောဓမ္မ ရပ်ကွက်မှ သေဆုံးသွားသည့် အသက် (၈၆)နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့တွင် စစ်ဆေးခဲ့ရာ COVID 19   ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် ဇူလိုင်လ အစောပိုင်းမှစ၍ COVID 19  ရောဂါကူးစက်ပြန့်ပွားမှု များပြားလာကာ အနံ့ပျောက် သူများလည်း အများပြားရှိလာပြီး အောက်စီဂျင်လိုအပ်မှုတွေလည်း ရှိလာသလို ရောဂါပိုးရှိသူနှင့် ထိတွေ့မိသည်ဟု သံသယ ရှိသူများအနေဖြင့် အပြင်မထွက်ပဲ နေထိုင်ပေးကြရန် ကူညီလုပ်ကိုင်ပေးနေသည့် ပရဟိတ အဖွဲ့များမှ တိုက်တွန်းထားသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် Covid-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၁၉) ရက်နေ့ညပိုင်းအထိ လွိုင်ကော်မြို့တွင်  ( ၁၇၇)ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၂)ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၉၆)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။