ကျိုင်းတုံမြို့နယ်ကို Stay at Home သတ်မှတ်

ကျိုင်းတုံမြို့နယ်ကို Stay at Home သတ်မှတ်
သြဂုတ် 19, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် Covid-19  အတည်ပြုလူနာ (၈၀၀) ကျော်လာသည့်အတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၀ )ရက်နေ့မှစ၍ stay at home သတ်မှတ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် Covid-19  တတိယလှိုင်းအတွင်း stay at home အဖြစ် တာချီလိတ်မြို့ကို စတင်ကြေညာခဲ့ရပြီးနောက် ကျိုင်းတုံမြို့ကိုပါ ထပ်တိုးသတ်မှတ်လာရခြင်းဖြစ်သည်။

Stay at home သတ်မှတ်ခံရသည့် ဒေသများတွင် အစိုးရဝန်ထမ်းများ၊ စက်သုံးဆီ၊ စားသောက်ကုန်နှင့် ဆေးဝါးစသည့် အခြေခံလိုအပ်ပစ္စည်းများထုတ်လုပ်ရောင်းချသူများမှအပ ကျန်သူများနေအိမ်တွင်သာ နေထိုင်ကြရမည်ဖြစ်ပြီး အကန့်အသတ်ဖြင့်သာ နေအိမ်မှ ထွက်ခွာခွင့်ရကြမည်ဖြစ်သည်။

ယင်းသို့ သတ်မှတ်ထားသည့်ကာလအတွင်း ဆေးရုံဆေးခန်းသွားခြင်းအတွင် တစ်အိမ်လျှင် (၂)ဦး၊ ဈေးသွားခြင်းများအတွက် တစ်အိမ်လျှင် (၁) ဦးသာခွင့်ပြုမည်ဖြစ်ပြီး ကုန်တင်ယာဉ်များ စံသတ်မှတ်ချက်အတိုင်းခွင့်ပြုရန် ညွှန်ကြားထားခြင်းဖြစ်သည်။

လိုအပ်ချက်များကြောင့် သွားလာရမည်ဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ယူရန်လိုအပ်ပြီး ရပ်/ကျေးများအနေဖြင့် ကျေးရွာ/ရပ်ကွက်တွင်း ဝင်ထွက်ခြင်းများကို ကြပ်မတ်ကြရန် ညွှန်ကြားထားပြီး လိုက်နာမှုပျက်ကွက်ပါက အရေးယူမည်ဟု ဆိုသည်။

ကျိုင်းတုံမြို့နယ်တွင် Covid-19  တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ (၁၉) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၈၀၂) ဦးတွေ့ထားသည့်အနက် ဆေးရုံဆင်းသူ (၃၉၂) ဦး၊ သေဆုံးသူ (၁၀) ဦးနှင့် ကုသမှုခံယူဆဲ (၄၀၀) ဦးရှိသည်ဟု သိရသည်။

#TachileikNewsAgency