တာချီလိတ်မြို့မှ မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ(၂၀)ကျော်ထဲက (၇)ခုကို အာဏာသိမ်းစစ်ကောင်စီက ရောင်းချရန် ပြင်ဆင်

တာချီလိတ်မြို့မှ မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေ(၂၀)ကျော်ထဲက (၇)ခုကို အာဏာသိမ်းစစ်ကောင်စီက ရောင်းချရန် ပြင်ဆင်
ဇူလိုင် 15, 2021 | ရှမ်းရှေ့

နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသည့် အိမ်ခြံမြေများကို အာဏာသိမ်းစစ်ကောင်စီက ရောင်းချရန် ပြင်ဆင်နေရာ   မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှ  မူးယစ်ဆေးဝါးအမှုဖြင့် သိမ်းဆည်းခံထားရသည့် အိမ်ခြံမြေ (၇)ခု ပါဝင်နေကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးအဖြစ် နိုင်ငံပိုင်သိမ်းထားသည့် မြေနှင့်အဆောက်အဦနှင့်မြေကွက် (၂၃) ခုကို  ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန်လုပ်ဆောင်နေရာတွင် တာချီလိတ်မှ မူးယစ်ဆေးဝါးမှုဖြင့် သိမ်းဆည်းခံရသည့် အိမ်နှင့်ခြံ (၇) ခု ပါဝင်ခြင်းဖြစ်သည်။  

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းမှ အိမ်နှင့်ခြံ(၃)ခု၊ ဝိန်းကျောက်မှ အိမ်နှင့်ခြံ(၄)ခုတို့ ပါဝင်သည်ကိုတွေ့ရပြီး အဆိုပါအိမ်နှင့်ခြံများမှာ မူးယစ်မှုများမှ သိမ်းဆည်းထားခြင်းဖြစ်သည်။



 

အဆိုပါအိမ်ခြံမြေများအတွက် တင်ဒါပုံစံများကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ တင်ဒါပုံစံဝယ်နိုင်သည်ဟု ကြေညာထားသည်ကို တွေ့ရသည်။

တင်ဒါအဖြစ် ရောင်းချမည့် နေအိမ်များတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ အိမ်ခြံမြေ(၁)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ကလေးမြို့ နှင့် ကလေးဝမြို့တို့မှာ အိမ်ခြံမြေ(၃)ခု၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ နှစ်ကွက်ပေါင်း အိမ်ခြံမြေ(၁)ခု၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နယ်မှ အိမ်ခြံမြေ(၃)ခု၊ မွန်ပြည်နယ်အတွင်း မော်လမြိုင် နှင့် ရေးမြို့နယ်တို့မှ အိမ်ခြံမြေ(၂)ခု၊ ရှမ်းပြည်နယ်အတွင်း တာချီလိတ်မြို့ တစ်မြို့တည်းမှ အိမ်ခြံမြေ(၇)လုံး အပြင် မုံးကိုးမြို့နယ်မှ အိမ်ခြံမြေ(၁)ခု၊ လားရှိုးမြို့မှ  အိမ်ခြံမြေ(၄)ခု၊ ဧရာဝတီတိုင်းဒေသကြီး ရေးမြို့နယ်တွင်းက အိမ်ခြံမြေ(၁)ခု စုစုပေါင်း အိမ်ခြံမြေ(၂၃)ခု ပါဝင်သည်။

တာချီလိတ်မြို့တစ်ခုတည်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် သိမ်းဆည်းထားသည့် အိမ်ခြံမြေများမှာ အနည်းဆုံး (၂၀)အထက်ရှိနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ အချို့နေအိမ်များ ပါဝင်သလို လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မြို့ပြင်ကျေးရွာများအထိ ပါဝင်ပြီး နေအိမ်များကို ဌာနများအလိုက် ထိန်းသိမ်းပေးထားကြောင်း သိရသည်။