တာချီလိတ်မြို့၏ Stay at Home ကာလအတွင်း နေအိမ်ထွက်ခွင့် တစ်ခါသုံး ကတ်ပြားများ ထုတ်ပေးနေမှုမှာ တာချီလိတ်တစ်မြို့လုံး Covid-19 ကူးစက်ရေး အစီအစဉ် ဖြစ်နေ

တာချီလိတ်မြို့၏ Stay at Home ကာလအတွင်း နေအိမ်ထွက်ခွင့် တစ်ခါသုံး ကတ်ပြားများ ထုတ်ပေးနေမှုမှာ တာချီလိတ်တစ်မြို့လုံး Covid-19 ကူးစက်ရေး အစီအစဉ် ဖြစ်နေ
ဇူလိုင် 14, 2021 | Covid-19| ရှမ်းရှေ့

Stay at Home အဖြစ် သတ်မှတ်လိုက်သည့် တာချီလိတ်မြို့တွင် နေအိမ်ထွက်ခွင့် တစ်ခါသုံး ကတ်ပြားများ ထုတ်ပေးနေမှုသည် တာချီလိတ်တစ်မြို့လုံး Covid-19 ကူးစက်ရေးအတွက် လုပ်ဆောင်နေသလို ဖြစ်နေပြီး မဖြစ်မနေ ကတ်ပြားထုတ်ပေးမည်ဆိုပါက Stay at Home ကာလအတွင်း အသုံးပြုနိုင်ရန် တစ်အိမ်ကို ကတ်(၂)ကတ်နှုန်းဖြင့် ထုတ်ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။

အပြင် တစ်ခါထွက်ရင် ကတ်ပြား တစ်ခါယူရမယ်ဆိုတော့ ဒီလူအုပ်ကြီးနဲ့ ဘယ်လို ဆက်လုပ်မလဲ တစ်နေ့မဟုတ် တစ်နေ့တော့ ကူးလာမှာပဲ၊ အခုက တာချီလိတ်တစ်မြို့လုံး ကိုဗစ်   ကူးစက်ရေး အစီအစဉ်လို ဖြစ်နေတယ်။ တစ်ကယ်ဆို ကတ်ပြားကို တစ်ခါသုံး မဟုတ်ဘဲ။ ကတ်ပြားမှာ အိမ်နံပါတ်ရေးထည့်ပြီး တစ်အိမ်ကို (၂)ကတ်ထုတ်ပေးထားသင့်တယ်။ ဈေးဝယ်နဲ့ ဆေးခန်းသွား အဲ့ကတ်သုံးလို့ ရတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် ပလပ်စတစ်လောင်းပြီး လည်ဆွဲနဲ့ လုပ်ပေးတာ။ အဲ့လို လုပ်တော့ အပြင်ထွက်ရင် ကတ်ပြားလေးတွေနဲ့ လည်ပင်းမှာတောင် ဆွဲထားကြသေးတယ်။ ဒီမှာတော့ ဘယ်လိုတွေ စီမံခန့်ခွဲနေလဲမသိဘူး။ ဒီနေ့ ပထမနေ့မှာတင် အဆင်မပြေမှုတွေ အရမ်းများတယ်

ဟု ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြောသည်။

ဆိုင်များတွင် အလုပ်လုပ်သူများမှာ ကတ်ပြားထုတ်ရာတွင်လည်း အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

ညီမတို့  ဆိုင်သွားဖို့ ကတ်ပြားယူတာ မပေးဘူး။ မင်းကို မပေးနိုင်ဘူးဆိုပြီး တကယ်မပေးဘူး။ ပြီးတော့ (၆)ပေအကွာလဲ မဟုတ်ဘူး။  အာခါဈေးမီးပွိုင့်မှာပါ။ ညီမလဲ အလုပ်မလို့ သွားရမှာလို့ ရိုရိုသေသေဘဲပြောတာကို မပေးနိုင်ဘူးလို့  အဲ့လိုပြောတယ်။ အာခါဈေးဘက် ကိုယ့်ရပ်ကွက်က မပေးတော့ သူများရပ်ကွက်ကယူလိုက်ရတယ်

ဟု ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

တစ်ခါသုံး ကတ်ပြားထုတ်ယူရာမှာ Covid-19 ကူးစက်မည်ကို စိုးရိမ်၍ ကတ်မထုတ်လိုတော့ဘဲ ရှောင်လမ်းကနေ သွားလိုသူများလည်း များနေကြောင်း သိရသည်။

ကျွန်တော်တော့ လူစုလူဝေးနဲ့ ကတ်ပြားထုတ်တာကို စောင့်မနေတော့ဘူး။ တာချီလိတ်မြို့မှာ သွားစရာက လမ်းက ဒီ ဗိုလ်ချုပ်လမ်းတစ်ခုတည်းမှ မဟုတ်တာ။ လမ်းကြားကနေပဲ သွားတော့မယ်။

ဟု လူငယ်တစ်ဦးက ပြောသည်။

အစီစဉ်တကျ မရှိမှုများနှင့် ပတ်သက်၍ အထက်ဌာနက ညွှန်ကြား စေခိုင်းမှုအတိုင်းသာ လုပ်ဆောင်နေရသည့်အတွက် ရပ်ကွက်တွင်းနေသူ ဒေခံများကို အားနာကြောင်း ရပ်ကွက်အုပ်ချုပ်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ကျွန်တော်တို့လည်း အထက်က ပြောလာတဲ့အတိုင်းပဲ လုပ်ဆိုတာနဲ့ လုပ်ရတာ။ ဒီလို မတည်မငြိမ်ကာလမှာ သူတို့ ကိုယ်တိုင်တောင် လုံခြုံရေး စိုးရိမ်လို့ ဟိုကာ ဒီကာ လုပ်နေကြရချိန် ကျွန်တော်တို့ကို ဒီလို လာခိုင်းတယ်။ အောက်ခြေဆိုရင် ဖိခိုင်းတာက များတယ်။ ညဖက်ဆိုလည်း ကျွန်တော်တို့ပဲ ပါရပြန်တယ်။ တခုခု လုပ်သွားရင် ကျွန်တော်တို့ပဲ ခံရမှာ။  ခုလည်း ပထမနေ့မှာတင် ရပ်ကွက်ထဲက လူတွေပြောတာ ခံနေရတယ်။

ဟု မြို့ပေါ်ရပ်ကွက်ထဲ ရပ်ကွက်အုပ်ချုပ်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယခုလို Stay at Home ကာလအတွင်း အစားအသောက် ရောင်းချသူများအတွက် စားသုံးသူနှင့်ဝယ်ယူသူအကြား အဆင်ပြေရေး၊ ဈေးပုံမှန်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာများအနေဖြင့် စီစဉ်ပေးရန်လိုအပ်ကြောင်း ဈေးသည်များက ဆိုသည်။

အခုက စားသောက်ဆိုင်တွေက ဘယ်လို ဖွင့်ရတော့မလဲ။ ဘယ်လို စီစဉ်ပေးထားလဲ ဆိုတာကို ကျွန်တော်တို့ကို နားလည်အောင်လည်း မပြောဘူး။ အမိန့်တွေပဲ ပေးနေတယ်။ ကျွန်တော်တို့မှာက ဝယ်ရခြမ်းရ ရင်နှီးမြှုပ်နှံရနဲ့ လွယ်တာမဟုတ်ဘူး

ဟု အစားအသောက်ရောင်းချသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင်  Covid-19 ကူးစက်မှုများနှင့် ပတ်သက်၍ ဇူလိုင်လ(၁၃)ရက်နေ့အထိ တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၀၀)နီးပါးအထိ ရှိနေရာတွင် အများစုမှာ လူငယ်များသာ ဖြစ်သော်လည်း ယခုအခါမှာ ကတ်ပြားထုတ်ယူရန် တန်းစီစောင့်ဆိုင်းကြရသူများမှာ သက်ကြီးရွယ်အိုများအထိ ပါဝင်နေ၍ ကူးစက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

တာချီလိတ်မြို့အား Stay at Home အဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ကစတင်ကာ သတ်မှတ်ထားပြီး ညမထွက်ရအဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိလည်း ဆက်လက်သတ်မှတ်ထားဆဲဖြစ်သည်။