တာချီလိတ်မြို့တွင် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး လူစုလူဝေး မဖြစ်စေရေး  ပွဲလမ်းသဘင်များ မကျင်းပရန် အသိပေးထား

တာချီလိတ်မြို့တွင် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး လူစုလူဝေး မဖြစ်စေရေး  ပွဲလမ်းသဘင်များ မကျင်းပရန် အသိပေးထား
ဇူလိုင် 2, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်း စတင်နေသည့် တာချီလိတ်မြို့တွင် စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်ရောင်းချခွင့်မရှိတော့ဘဲ Covid-19 ကာကွယ်နည်းလမ်းများအတိုင်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်ဖြစ်ကြောင်း ဇူလိုင်လ(၁)ရက်နေ့ ညနေပိုင်းက ဒေသန္တရမိန့် ထုတ်ပြီး လိုက်လံ အသိပေးထားကြောင်း သိရသည်။

မနေ့ ညနေက အဖွဲ့(၂)ဖွဲ့ခွဲပြီး စားသောက်ဆိုင် နဲ့ ဟိုတယ်တွေကို လိုက်အသိပေးတာ။ ကျွန်တော်တို့တော့ စားသောက်ဆိုင် (၁၀)ဆိုင်ကျော်ကို လိုက်အသိပေးဖြစ်ပါတယ်။ တာချီလိတ်မြို့မှာက စားသောက်ဆိုင်များတော့ အကုန်လုံးကိုတော့ အသိမပေးနိုင်သေးပါဘူး။ ရပ်ကွက်တွေကိုတော့ ပြောထားပါတယ်

ဟု ဌာနဆိုင်ရာတစ်ဦးက တာချီလိတ်သတင်းအေဂျင်သို့ ဇူလိုင်လ(၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့၏ Covdi-19 တတိယလှိုင်းအခြေအနေကြောင့် လက်ဖက်ရည်ဆိုင်များ အပါအဝင် စားသောက်ဆိုင်များအားလုံး Covid-19 သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

ယင်းအပြင် KTV, Club နှင့် Bar များကို ပိတ်ခိုင်းထားပြီး လူစုလူဝေးများ ဖြစ်ပေါ်စေမည့် ဟောပြောပွဲများ၊ အခမ်းအနားများ နှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန်လည်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့က အုပ်ချုပ်ရေးပိုင်းက ဒေသန္တရမိန့် ထုတ်ထားသည်ဟု ရဲတပ်ဖွဲ့တစ်ဦးထံက သိရသည်။

တာချီလိတ်မြို့တွင် ညပိုင်းကန့်သတ်ချက်အနေဖြင့် ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်လည်း ဆက်လက်ရှိနေသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း  Covid-19 ကူးစက်ခံထားရသူများအနေဖြင့် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က (၃)ဦး၊ ဇူလိုင်လ(၁)ရက်နေ့က (၁၃)ဦး နှင့် ဇူလိုင်လ(၂)ရက်နေ့တွင် (၁၉)ဦး စုစုပေါင်း (၃၅)ဦးအထိ ရှိနေကြောင်း သိရသည်။