ကျောက်မဲရဲစခန်း၏ အချုပ်ခန်းမှ (၁၄)ဦး အပါအဝင် မြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ(၃၅)ဦးထပ်တိုး

ကျောက်မဲရဲစခန်း၏ အချုပ်ခန်းမှ (၁၄)ဦး အပါအဝင် မြို့နယ်အတွင်း COVID 19 အတည်ပြုလူနာ(၃၅)ဦးထပ်တိုး
ဇူလိုင် 12, 2021 | Covid-19| ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင် ရရှိသည့် Covid-19 စစ်ဆေးချက်များအရ မြို့မရဲစခန်း၏ အချုပ်မှ ( ၁၄ ) ဦးနှင့် အသက် ( ၁၁ ) နှစ်အောက်ကလေး (၂) ဦး အပါအဝင် စုစုပေါင်း ( ၃၅ ) ဦးတွင် COVID 19 တွေ့ရကြောင်း သိရသည်။

ယခင်နေ့က ဓါတ်ခွဲနမူနာရယူ စစ်ဆေးထားသည့် ကျောက်မဲမြို့မရဲစခန်းမှ အချုပ်သား (၁၅ ) ဦးအနက် (၁၄) ဦးတွင် လည်းကောင်း၊  အမှတ် ( ၁ ) ရပ်ကွက် ပြိန်းနင်ရပ်မှ အသွားအလာကန့်သတ်ထားသည့်နေအိမ်မှ မိသားစု (၆) ဦးအနက် အသက် ( ၆ )နှစ်နှင့် ( ၁၁ )နှစ်အရွယ် ကလေး (၂) ဦးအပါအဝင်  ( ၄ )ဦးတွင်လည်းကောင်း၊ အမှတ်( ၈ ) ရပ်ကွက် အသွားအလာကန့်သတ်ထားသည့်နေအိမ်တစ်မှ (၁) ဦးတွင်လည်းကောင်း၊  နောင်ပိန်ကျေးရွာမှ အတည်ပြုလူနာနှင့်ထိတွေ့၍ စစ်ဆေးထားသူများမှ (၁၆) ဦးတွင်လည်းကောင်း ပိုးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။ 

ကျောက်မဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ( ၁၂ )ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ( ၁၇၉ ) ဦးတွေ့ရှိထားပြီး ယင်းတို့အနက် (၄) ဦးသေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လဆန်းမှစ၍  ဗဟိုမြို့မဈေး၊ နံနက်ခင်းဈေးနှင့် ညဈေးတို့ကို ပိတ်ထားပြီး အခွန်လွတ်ဈေးတစ်ခုကိုသာ ဖွင့်ခွင့်ပေးထားခြင်းဖြစ်သည်။