နမ့်ခမ်းမြို့နယ်အတွင်း COVID 19 ကြောင့် သေဆုံးသူ(၁၅)ဦးအထိ တိုးလာပြီး ပြည်သူချင်းကူညီမှုဖြင့် ရောဂါထိန်းချုပ်ရန် ကြိုးစားနေရ

နမ့်ခမ်းမြို့နယ်အတွင်း COVID 19 ကြောင့် သေဆုံးသူ(၁၅)ဦးအထိ တိုးလာပြီး ပြည်သူချင်းကူညီမှုဖြင့် ရောဂါထိန်းချုပ်ရန် ကြိုးစားနေရ
ဇူလိုင် 11, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင်  COVID 19 ကြောင့် သေဆုံးသူ (၂) ဦးထပ်တိုးလာ၍ သေဆုံးသူ စုစုပေါင်း ( ၁၅ ) ဦးရှိလာပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှ အကူအညီမတွေ့ရဘဲ ပြည်သူအချင်းချင်းကူညီမှုဖြင့် COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးကို ဦးဆောင်လုပ်နေကြကြောင်း သိရသည်။

မနေ့က (၁၈) ယောက်စစ်တာ (၁၄) ယောက်တွေ့တယ်။ (၁) ယောက်သေတယ်။ ဒီမနက် (၂) ယောက်သေတယ်။ ဆေးရုံက ဆရာဝန်၊ ဆရာမအင်အားတော့ နည်းတယ်။  N.M.B.G ပရဟိတနဲ့ ကြက်ခြေနီတို့ တိုက်စစ်မှူးလုပ်ပေးနေရတယ်။ ကိုယ့်အစီအစဉ်နဲ့ ရပ်ကွက်တွေ လော့ဒေါင်းလုပ်ပြီး ကိုယ့်ဘာသာကုနေကြတာတွေလည်းရှိတယ်။ စစ်ကောင်စီဘက်ကတော့ တိတ်ဆိတ်နေတယ်။ ဘာလုပ်ပေးနေလဲ မတွေ့ဘူး

ဟု နမ့်ခမ်းဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၁) ရက်နေ့တွင် ပြောသည်။

အဆိုပါသေဆုံးစာရင်းတွင် COVID 19 သံသယဖြင့် နေအိမ်တွင် သေဆုံးရသည့်အရေအတွက်လည်း ပါဝင်ပြီး ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းအထိ ပေါက်လုံရပ်ကွက်တွင် (၂) ဦး၊ ပေါက်တင်မရပ်ကွက်တွင် (၂) ဦး၊ ပေါက်တိုက်ရပ်ကွက်တွင် (၂) ဦး၊ မိုခမ်းရပ်ကွက်တွင် (၁) ဦး၊ အောင်မေတ္တာရပ်ကွက်တွင် (၂) ဦး၊ ကုန်းကုလားရပ်ကွက်တွင် (၁) ဦး၊ မန့်နားရပ်ကွက်တွင် (၁) ဦး၊ ပေါက်နေရပ်ကွက်တွင် (၁) ဦး၊ နောင်စန့်ရပ်ကွက်တွင် (၁)ဦး၊ ဟိုကတ်ရပ်ကွက်တွင် (၁) ဦးနှင့် မန့်ဝိန်းကြီးဆေးရုံတွင် သေဆုံးသူ (၁) ဦးတို့ ပါဝင်သည်။

 

မဏ္ဍပ်ထပ်ထိုးထားရတယ်။ ကုတင်တွေကို ဘုန်းကြီးကျောင်းတို့ တရားစခန်းရိပ်သာတို့ကနေ ငှားလာခဲ့ရတာ။ အောက်ဆီဂျင်တွေတော့ ရပ်ရွာ အရန်မီးသတ်တပ်ဖွဲ့တွေ၊ အုပ်ချုပ်​ရေးမှုးတွေ ကူပြီး ဖြည့်တင်းပေးပါတယ်

ဟု နမ့်ခမ်းဒေသခံတစ်ဦးကဆိုသည်။



နမ့်ခမ်းမြို့နယ်တွင် ဇူလိုင်လ (၁၀)ရက်နေ့ ညပိုင်းအထိ ပိုးတွေ့လူနာ (၂၁၈) ဦးရှိနေပြီဖြစ်ပြီး နမ့်ခမ်း ပြည်သူ့ဆေးရုံ (ကုတင် ၁၀၀ဆံ့)တွင် နေရာမလုံလောက်တော့၍ ဇူလိုင်လ (၇) ရက်နေ့ကတည်းက ဆေးရုံအတွင်း မဏ္ဍပ်ထပ်ထိုး၍ ကုသဆောင်လုပ်ထားရကြောင်း သိရသည်။

တတ်နိုင်သလောက် ရောဂါမကူးစက်ရအောင် မပြန့်ပွားရအောင် နေအိမ်ထဲမှာပဲ နေပေးကြပါ။ လူနာတွေတအားများရင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း ပြိုလဲသွားတတ်ပါတယ်။ ပြီးတော့ ဒီတတိယလိူင်းမှာ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံမှာ လူထုက လူထုကိုကူညီတဲ့နည်းနဲ့ပဲ လည်ပတ်နေကြတယ်။ ဌာနဆိုင်ရာတို့ စကစတို့က လာရောက်ကူညီထောက်ပံ့ပေးတာ မတွေ့ရပါဘူး

ဟု နမ့်ခမ်းဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



နမ့်ခမ်းမြို့နယ်အတွင်းမှ COVID 19 သံသယရှိသူများအနေဖြင့် စစ်ဆေးရန်လိုအပ်ပါက N.M.B.G ပရဟိတအသင်းနှင့်  ကြက်ခြေနီအဖွဲ့တို့ထံ ဆက်သွယ်အကူအညီတောင်းကြရန်လိုလည်း ဒေသတွင်း တိုက်တွန်းထားသည်ကို တွေ့ရသည်။

အတည်ပြုလူနာတိုးလာသဖြင့် ရပ်ကွက်များ၊ ကျေးရွာများကို မိမိတို့အစီအစဉ်ဖြင့် အသွားအလာကန့်သတ်ခြင်း၊ ဆိုင်များကို မိမိအသိဖြင့် ပိတ်ထားခြင်းများ လုပ်နေ၍ ဒေသတွင်း ကုန်ဈေးနှုန်းဈေးတက်ခြင်းမရှိသော်လည်း ပစ္စည်းဝယ်ရခက်ခဲနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ