ကျိုင်းတုံထောင်အတွင်း (၇)လကြာ ဖမ်းဆီးခံထားရသည့် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးကို တာချီလိတ်ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားအမှု ထပ်ဖွင့်

ကျိုင်းတုံထောင်အတွင်း (၇)လကြာ ဖမ်းဆီးခံထားရသည့် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးကို တာချီလိတ်ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားအမှု ထပ်ဖွင့်
နိုဝင်ဘာ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဧပြီလအတွင်းက လက်နက်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးကို ကျိုင်းတုံထောင်တွင် (၇)လကျော်အကြာ ထားရှိကာ ထောင်တွင်းတရားရင်ဆိုင်နေရချိန်အတွင်း မကြာခင် အမိန့်ချရန် သတ်မှတ်ထားချိန်တွင် တာချီလိတ်ရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားအမှုဖြင့် ထပ်မံ အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့က ဒို့ညီနောင် ခရီးသည်တင် ယာဉ်ပေါ်က လေသေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခြင်းနှင့် ပတ်သက်၍ (၃)(၄)ရက်အကြာတွင် ကားဂိတ်သို့ လာရောက် ပို့ဆောင်သူမှာ ဝမ်မိုင်ရွာနေ ကိုဝင်းဇော်ဦးဆိုသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ရဲတပ်ဖွဲ့က ကိုဝင်းဇော်ဦးဆိုသူအား "ယာဉ်လိုင်းများ ခဏပိတ်ထားတယ်။ ပို့ထားတဲ့ ပစ္စည်းတွေ ပြန်လာယူပါ"ဟု ဖုန်းဖြင့် လိမ်လည်ဆက်သွယ်ခေါ်ယူပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ရဲတပ်ဖွဲ့က လိမ်လည်ခေါ်ယူ ဖမ်းဆီးပြီးနောက် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ကျေးရွာရှိ  ဝင်းဇော်ဦး၏ နေအိမ်သို့  ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်က သွားရောက်ရှာဖွေရာ လေသေနတ်(၁) လက်၊ ဂက်စ်သေနတ် (၁)လက်၊ ဂက်စ်အိုး (၃)လုံး၊ ခဲသီး (၄)လုံးတို့အား  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

သိမ်းဆည်းရမိသည့် လေသေနတ်များနှင့် ပတ်သက်၍ ရဲစခန်းတွင် (ပ)၈၂/၂၀၂၁၊ ရှမ်းလက်နက် ၁၂(က)/၁၂(ဂ)ဖြင့် ၂၀၂၁ခုနှစ် ဧပြီလ(၁၃)ရက်နေ့က အမှုဖွင့်လိုက်ပြီးနောက် ကျိုင်းတုံထောင်တွင် ချုပ်နှောင်ထားပြီး ထောင်တွင်းတရားရင်ဆိုင်နေရသည်ဖြစ်ရာ နိုဝင်ဘာလ(၂၂)ရက်နေ့အထိ ရုံးချိန်းပေါင်း (၂၁)ချိန်းအထိ ဆောင်ရွက်ခဲ့ပြီး တရားသူကြီး ဦးအောင်ကျော်ဆန်းက ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အမိန့်ချမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

တကယ်စဉ်းစားလို့မရဘူးဗျာ။ လူက ဖမ်းခံထားရလို့ ထောင်ထဲမှာ အမှုရင်ဆိုင်နေပြီး အမိန့်တောင်ချတော့မယ်။ ခုမှ လိုင်စင်မဲ့အမှု ထပ်ဆွဲတယ်။ တကယ်ဆိုဗျာ။ ကားက လိုင်စင်ပါလား မပါလားဆိုတာက ကညနမှာ တခါတည်း စစ်လို့ရတာပဲ။ အဲ့လောက်ကြာစရာမှမလိုတာ။ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေဆိုပြီး တခုပြီးတခု လုပ်နေတာက ဒါဟာ မရိုးသားမှုပဲ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။

ရှမ်းလက်နက် ဥပဒေဖြင့် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အမိန့်ချမည်ဖြစ်သော်လည်း ၎င်းအား ဖမ်းဆီးစဉ်က သိမ်းဆည်းရမိသည့် Toyota Noah အမျိုးအစား အနက်ရောင်ယာဉ်မှာ လိုင်စင်မဲ့ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားအသုံးပြုမှုကြောင့်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လပေါင်း(၇)လကြာမှ အဆိုပါအမှု၏ အမှုစစ်ဖြစ်သူ တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ဟန်ထွန်းက တရားလို ပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၃၀/၂၀၂၁၊ ပို့/သွင်း ပုဒ်မ ၈ အရ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့က အမှုဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းကာလအတွင်း လက်နက်ဖြင့် ဖမ်းဆီးခံရသူများ နှင့် စစ်အာဏာရှင်အားဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရသူများထံက ရဲနှင့်စရဖ ပေါင်းပြီး ငွေကြေးတောင်းခံမှုများ ငွေကြေးဖြင့်ညှိနှိုင်းမှုများအထိ  ရှိကြောင်းလည်း ခိုင်မာသည့် သတင်းအရင်းများထံက သိရသည်။