တရုတ်နိုင်ငံမှ မှာယူထားပြီး စံလင်းဖြိုးကုမ္ပဏီက အခမဲ့ ပေးဝေးမည့် အောက်ဆီဂျင်စက် တာချီလိတ်သို့ မကြာမီ ရောက်ရှိမည်

Photo: စံလင်းဖြိုးကုမ္ပဏီ
Photo: စံလင်းဖြိုးကုမ္ပဏီ
တရုတ်နိုင်ငံမှ မှာယူထားပြီး စံလင်းဖြိုးကုမ္ပဏီက အခမဲ့ ပေးဝေးမည့် အောက်ဆီဂျင်စက် တာချီလိတ်သို့ မကြာမီ ရောက်ရှိမည်
သြဂုတ် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအား အောက်ဆီဂျင် အခမဲ့ပေးရန်အတွက် တာချီလိတ်မှ စံလင်းဖြိုးကုမ္ပဏီက တရုတ်မှ တင်သွင်းသည့် အောက်ဆီဂျင်စက်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် မိုင်းလားမြို့ အထူးဂိတ်မှတစ်ဆင့် တင်သွင်းလာပြီဖြစ်ပြီး ရက်ပိုင်းအတွင်း တာချီလိတ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ကို တရုတ်နိုင်ငံ ရှဲန်ဟိုင်း- ကူမင်း - မိုင်းလား - ကျိုင်းတုံ - တာချီလိတ် လမ်းကြောင်းမှ တင်သွင်းလာခြင်းဖြစ်ပြီး အောက်ဆီဂျင် ပြန်လည်ဖြည့်တင်းမည့်စက်နှင့် အောက်ဆီဂျင်အိုးအလုံးရေ (၅၁၀)လုံး၊ ခုတင် အလုံး (၄၀၀)တို့အပြင် စက်၏ ဆက်စပ်အပိုပစ္စည်းများပါ တစ်ပါတည်း သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

တစ်နေ့လျှင် အောက်ဆီဂျင်လီတာ (၆,၈၀၀) ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ကို စံလင်းဖြိုးကုမ္ပဏီက ကျပ်သိန်း (၁၇၀၀)ကျော်အကုန်အကျခံကာ  တရုတ်နိုင်ငံမှ မှာယူကာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း စံလင်းဖြိုးအိမ်ရာတွင် တည်ဆောက်ပြီး အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးသွားမည်ဟု သိရသည်။

ယင်းအပြင် အဆိုပါကုမ္ပဏီက တာချီလိတ်မြို့တွင် လူဦးရေ (၂၀၀) ဆံ့ COVID 19 Quarantine Center ကို တည်ဆောက်ပြီး ခရိုင် COVID 19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီကို အပ်နှံမည်ဟု သိရသည်။

လတ်တလောတွင် တာချီလိတ်မြို့၏ အောက်ဆီဂျင် လိုအပ်ချက်အရ အောက်ဆီဂျင်အိုးများကို အလင်းရောင်ပရဟိတအသင်း နှင့် လူမှုဂရုဏာလူမှုကူညီရေးအသင်း(မယ်ဆိုင်)တို့က ကူညီပြီး ထိုင်းနိုင်ငံ မယ်ကျန့်အထိ ပို့ဆောင်ကာ နေ့စဉ်ဖြည့်ပေးနေရသည်မှာ တာချီလိတ်တစ်မြို့တည်းတင်မဟုတ်ဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်းရှိ အချို့မြို့နယ်များအတွက်ပါ ကူညီလုပ်ဆောင်ပေးနေရကြောင်းလည်း သိရသည်။