မိုင်းယောင်းမြို့တွင် တာချီလိတ်မြို့မှ ပြန်လာသူများထဲက (၃)ဦးတွင် Covid-19 ပိုးတွေ့

မိုင်းယောင်းမြို့တွင် တာချီလိတ်မြို့မှ ပြန်လာသူများထဲက (၃)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 7, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့သို့ တာချီလိတ်မြို့ကနေ ပြန်လာသည့် (၃)ဦးထံက ယနေ့ ဇူလိုင်လ(၇)ရက်နေ့တွင် Covid-19 ပိုးတွေ့ရှိရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ပိုးတွေ့ရသည့် (၃)ဦးမှာ ဝမ်ကောင်းကျေးရွာမှ အမျိုးသမီး (၂)ဦး နှင့် ဖကျောက်ကျေးရွာမှ အမျိုးသား(၁)ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို အသွားအလာကန့်သတ်ထားပြီးမှ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။ 

Covid-19 ပိုးတွေ့ရှိရသည့် (၃)ဦးထဲက (၂)ဦး၏ အတူနေ မိသားစုဝင် (၇)ဦးကို ယနေ့ ဇူလိုင်လ(၇)ရက်နေ့မှာပင် RDT Test Kit ဖြင့် စစ်ဆေးရာ Covid-19 ပိုးမတွေ့ရသော်လည်း ဒုတိယအကြိမ် ဆက်လက်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့က တာချီလိတ်ပြန်များကနေ စတင်လာပြီး ယနေ့ ဇူလိုင်လ(၇)ရက်နေ့အထိ Covid-19 ပိုးတွေ့ရှိသူ (၆)ဦး ရှိနေကြောင်း သိရသည်။