ကျိုင်းတုံ စော်ဘွားဈေးနေ့ မတ်လ(၁)ရက်နေ့ ကျင်းပမည်

ကျိုင်းတုံ စော်ဘွားဈေးနေ့ မတ်လ(၁)ရက်နေ့ ကျင်းပမည်
ဖေဖော်ဝါရီ 24, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် မတ်လ(၁)ရက်နေ့၌ ကျင်းပမည့် ဈေးဟောင်းနေ့(စော်ဘွားဈေးနေ့)အား ရိုးရာမပျက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ယခင်နှစ်တွေလိုပါပဲ ကျိုင်းတုံမြို့မိမြို့ဖတွေ ဦးဆောင်ပြီးတော့ ယခင်နှစ်တွေလို ရိုးရာမပျက် ဆောင်ရွက်ဖို့ရှိတယ်။ ခွင့်ပြုချက်ရဖို့အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားတယ်။ ခွင့်ပြုချက်ပေးဖို့လည်း ရှိတယ်လို့ သိရတယ်။၊ ခွင့်ပြုချက်ကျလာရင်တော့ စနစ်တကျလေးဖြစ်အောင်တော့ ကျွန်တော်တို့ စည်ပင်ကလည်း ဝိုင်းကူပြီးဆောင်ရွက်သွားမှာပါ"ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ပြောသည်။ 

 

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့အဖြစ် နှစ်စဉ် ရက်တစ်ရက်ကို သတ်မှတ်ကျင်းပလေ့ရှိပြီး အဆိုပါဈေးနေ့တွင်  ကျိုင်းတုံမြို့မဈေးအား ပိတ်ထားပြီး ဈေးသည်များအားလုံးက စော်ဘွားဈေးတွင် လာရောက်ရောင်းချလေ့ရှိခြင်းဖြစ်သည်။

စော်ဘွားဈေးနေ့မှာ မင်္ဂလာဖြင့်ပြည့်စုံသည့်နေ့ကို ရွေးချယ်ထားခြင်းဖြစ်၍ လာရောက်ဝယ်ယူသူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေးကောင်းမွန်စေသည်ဟု ယုံကြည်လေ့ရှိကြသည်။ 

Tachileik News Agency 

Ko Zaung is the editor-in-chief of Tachileik News Agency.