တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ လူနာတစ်ဦး ထွက်ပြေး 

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ လူနာတစ်ဦး ထွက်ပြေး 
ဇူလိုင် 6, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်းသို့ ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် Covid-19 လာရောက်စစ်ဆေးပြီး ပိုးတွေ့ရသည့် (၂၉)ဦးထဲက အမျိုးသားတစ်ဦးမှာ စစ်ဆေးသည့်နေရာကနေ ထွက်ပြေးသွားကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းက Covid-19 လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိကြောင်း သိရသည့်အတွက် ၎င်းအား ကုသဆောင်သို့ မပို့ဆောင်မိ စစ်ဆေးတွေ့ရှိရသည့် နေရာကနေ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းနှင့်  စတင်စစ်ဆေးစဉ်ကတည်းက အမှန်တွေကို ပြောဆိုခြင်းမရှိသည့်အပြင် ပိုးတွေ့ချိန် မေးမြန်းသည့် အချိန်မှာလည်း ဝေ့လည်ကြောင်ပတ်ဖြေကြောင်း သိရသည်။

သူ့ရဲ့ ပြောပြချက်အရ မိုင်းကိုးအုပ်စုထဲမှာနေတယ်လို့လည်း ပြောတယ်။ မကာဟိုခမ်းမှာနေတယ်လို့လည်း ပြောလို့ လောလောဆယ် နီးစပ်ရာတွေမှာ လိုက်ရှာနေတယ်။ ပုံက မရိုက်ထားရတော့ လူမြင်ရင် မှတ်မိတယ်

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ ဇူလိုင်လ(၆)ရက်နေ့၌ Covd-19 ပိုးတွေ့သူ စုစုပေါင်း (၂၉)ဦး တွေ့ရှိရာတွင် အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး (၁၉)ဦး ပါဝင်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စ၍ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၆၇)ဦးအထိရှိနေသည်။