Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် မဖြစ်မနေ အပြင်သွားလာသူများ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ယာယီ သွားလာခွင့် ကတ်များ ထုတ်ရမည်

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် မဖြစ်မနေ အပြင်သွားလာသူများ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ယာယီ သွားလာခွင့် ကတ်များ ထုတ်ရမည်
ဇူလိုင် 14, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် မြို့ပေါ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ရပ်ကွက်များတွင် တစ်ရပ်ကွက် တစ်ဂိတ်နှုန်းထားရှိပြီး သွားလာမှုကို ဇူလိုင်လ(၁၄)ရက်နေ့က စ၍ စောင့်ကြည့်သွားမည်ဖြစ်ပြီး မဖြစ်မနေ တစ်ရပ်ကွက်မှ တစ်ရပ်ကွက်အကူး နှင့် ဈေးဝယ်သူများအတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံး သို့မဟုတ် ဂိတ်တို့တွင် ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လတ်တလောတွင် တာချီလိတ်မြို့၏ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ပုန်းထွန်ရပ်ကွက်မှစ၍ ဆေခမ်းရပ်ကွက်အထိ ဖြစ်သည့် တံတားထိပ်အဝိုင်း၊ တရားရုံးလမ်းထိပ်၊  အကောက်ခွန်ရုံးရှေ့၊ ဆန်ဆိုင်း(၅)လမ်းထိပ်၊ အထက(ဆန်ဆိုင်း)ရှေ့၊ တံတား(၂)ထိပ်၊ ပါလျှံမီးပွိုင့်၊ အာခါဈေးမီးပွိုင့်၊ အထက(ဟောင်လိတ်)၊ ရောင်နီဦးရှေ့တို့တွင် သက်ဆိုင်ရာ ရပ်ကွက်များက ဂိတ်များ ပြုလုပ်ပြီး တစ်ရပ်ကွက်မှ တစ်ရပ်ကွက်သို့ မဖြစ်မနေ သွားလာသူများ နှင့် ဈေးဝယ်ထွက်သူများကို စောင့်ကြည့်ရန်အတွက် Plan A အနေဖြင့် စီစဉ်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ရှောင်ကွင်းသွားနေမှုများရှိပါက အရှေ့နှင့်အနောက် မြို့ပတ်လမ်းများအပါအဝင် အဓိက ဖြတ်လမ်းများကို ပိတ်စစ်မည့် Plan B အဖြစ် ဆက်လက် လုပ်ဆောင်ရနိုင်ဖွယ်ရှိကြောင်း သိရသည်။

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရမည်ဖြစ်ပြီး၊ ဆေးရုံဆေးခန်းသို့ သွားရန်ရှိပါက တစ်အိမ်လျှင် (၂)ဦးသာ သွားရောက်ခွင့်ရှိမည်ဖြစ်ကြောင်း  ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သတ်မှတ်ထားကြောင်း သိရသည်။

 

မဖြစ်မနေ သွားရောက်ရန်အတွက်  ရပ်ကွက်တစ်ခုမှ ရပ်ကွက်တစ်ခုသို့ ဝင်ထွက်သွားလာခွင့် ကတ်များကို သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ဖြစ်စေ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ်လျှောက် ဖွင့်လှစ်ထားသည့် သက်ဆိုင်ရာ ရပ်ကွက်များ၏ ဂိတ်တွင် ဖြစ်စေ မေးမြန်းကာ ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဌာနရှိ ဝန်ထမ်းများ၏ အမည်စာရင်း၊ ရာထူးအဆင့်အတန်း၊ ရုံးဆင်းရာတွင် အသုံးပြုသည့် မော်တော်ယာဉ်/ဆိုင်ကယ်အမျိုးအစား၊ နံပါတ်တို့ကိုလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ထားရကြောင်း သိရသည်။

 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စ၍ ဇူလိုင်လ(၁၃)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၄၀၀)နီးပါး အထိ ရှိနေသည်။

တာချီလိတ်မြို့တွင် Covid-19 လျော့နည်းရေးအတွက် မိမိနေအိမ်တွင်သာ နေထိုင်ရန်အစီအစဉ်မှာ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါဝင် ကြောင်းလည်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ (၁၃)ရက်နေ့ ရက်စွဲဖြင့် အသိပေးထားကြောင်း သိရသည်။