ကျောက်မဲဆေးရုံတွင် နောင်ပိန်မှ COVID 19 အတည်ပြုလူနာတစ်ဦး သေဆုံး

Photo: Five Star လူမှုကူညီရေးအသင်း
Photo: Five Star လူမှုကူညီရေးအသင်း
ကျောက်မဲဆေးရုံတွင် နောင်ပိန်မှ COVID 19 အတည်ပြုလူနာတစ်ဦး သေဆုံး
ဇူလိုင် 6, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ COVID 19 ပိုးတွေ့လူနာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးလူနာ (၁) ဦး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ နံနက်ပိုင်းက ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာအမျိုးသမီးသည် ဇူလိုင်လ (၅) ရက်နေ့က သေဆုံးခဲ့ရသည့် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိ၍ ဇွန်လ ( ၂၈ )ရက်နေ့တွင် စစ်ဆေးရာ COVID 19 ပိုးတွေ့သဖြင့် ယင်းနေ့ကတည်းက ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူဖြစ်သည်။

သေဆုံးသွားသည့် အတည်ပြုလူနာကို  လူမှုကူညီရေးအသင်း( ကျောက်မဲ- နာ/ ကူ ) နှင့် Five Star လူမှုကူညီရေးအသင်းတို့က အဖွဲ့ဝင်များက PPE များဝတ်ဆင်၍ နာရေးဆောင်ရွက်ပေးထားကြောင်း သိရသည်။

ကျောက်မဲတွင် ဇူလိုင် ( ၆ ) ရက်နေ့ နံနက်ထိ COVID 19 အတည်ပြုနာ ( ၃၉ ) ဦး နှင့် နောင်ပိန်ကျေးရွာတွင် အတည်ပြုလူနာ ( ၄၃ ) ဦး တို့ရှိနေပြီဖြစ်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံနှင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတို့တွင် ကုသပေးနေပြီး သေဆုံးသူ (၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။