မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲ ပေးခဲ့သူတစ်ဦးထံက COVID 19 ပိုးတွေ့

မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲ ပေးခဲ့သူတစ်ဦးထံက COVID 19 ပိုးတွေ့
နိုဝင်ဘာ 4, 2020
By Tachileik News Agency
 
 
မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲ ပေးခဲ့သူတစ်ဦးထံက  COVID 19 ပိုးတွေ့ 
 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်နေ့က COVID-19 ပိုးတွေ့ရသူမှာ ကြိုတင်ဆန္ဒမဲပေးထားသူဖြစ်၍ မဲသွားယူပေးခဲ့သည့် မဲရုံရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အား နိုဝင်ဘာလ (၄)ရက်နေ့တွင် နံနက်(၈)နာရီအချိန်၌ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ ပိုးမတွေ့ကြောင်း သိရသည်။
“လူနာက လေဖြန်းနေသူပါ။ လူနာရဲ့မိသားစုနဲ့ လူနာကိုယ်တိုင် ခရီးသွားရာဇဝင်မရှိပါဘူး။ ကြိုတင်မဲရယူရာမှာ ကျွန်တော်တို့တစ်ဖွဲ့လုံးက COVID ကာကွယ်ရေးအစီအမံတွေနဲ့ စနစ်တကျလုပ်ဆောင်ခဲ့ကြတဲ့ အကျိုးဆက်လို့ပြောရမှာပါ။ လူနာနဲ့ ထိတွေ့ခဲ့တဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရွေးကော်အဖွဲ့ ဒီနေ့မနက် စစ်ဆေးမှုခံယူတာမှာ ပိုးမတွေ့အဖြေထွက်ခဲ့ကြပါတယ်။ လူနာမိသားစုကိုလည်း ဆက်လက်စစ်ဆေးမယ်လို့သိရပါတယ်”ဟု သိင်္ဂါဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါလူနာမှာ နိုဝင်ဘာလ (၂) ရက်နေ့က လေဖြန်းသွားသည့်အတွက် မကွေးတိုင်းဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူရာမှ လူနာအား သံသယရှိသဖြင့် စစ်ဆေးခဲ့ရာ COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းတွင် နိုဝင်ဘာလ(၃)ရက် နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့ရှိသူ စုစုပေါင်း(၇၀၆)ဦးရှိခဲ့ပြီး ညပိုင်းတွင် စလင်းမြို့နယ် (၇)ဦး၊ ပေါက်မြို့နယ် (၂)ဦး၊ ရေနံချောင်းမြို့နယ် (၂)ဦး၊ အောင်လံ မြို့နယ် (၁)ဦး၊ ဆိပ်ဖြူမြို့နယ် (၁)ဦး၊ ဂန့်ဂေါမြို့နယ် (၁)ဦး၊ ပွင့်ဖြူမြို့နယ် (၁)ဦး၊ မြိုင်မြို့နယ် (၁)ဦး ထပ်တိုးတွေ့ရှိရ၍ စုစုပေါင်းပိုးတွေ့လူနာ(၇၂၂)ဦးအထိ ရှိလာခြင်းဖြစ်သည်။
အောင်လံမြို့နယ်က နိုဝင်ဘာ(၄) ရက် နံနက်ပိုင်းအထိ (၁၁၆) ဦးဖြင့် ပိုးတွေ့အများဆုံးမြို့နယ်အဖြစ် ဆက်လက်ရပ်တည်နေသော်လည်း ဆေးရုံတွင် ကုသမှုခံယူနေရသူ (၂၈)ဦးသာ ကျန်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-မျိုးခန့်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~