တာချီလိတ်မြို့  မိုးကုတ်ဝိပဿနာတရားရိပ်သာမှ ခိုးယူခံရသည့်  ပစ္စည်းအများစုကို  စေတနာရှင်များကြောင့် ငွေမကုန်ဘဲ ပြန်လည် ရရှိ 

တာချီလိတ်မြို့  မိုးကုတ်ဝိပဿနာတရားရိပ်သာမှ ခိုးယူခံရသည့်  ပစ္စည်းအများစုကို  စေတနာရှင်များကြောင့် ငွေမကုန်ဘဲ ပြန်လည် ရရှိ 
ဇူလိုင် 4, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာမှ ရိပ်သာအသုံးအဆောင် ပစ္စည်းများခိုးယူခံရသည့် သတင်းကြောင့် အဆိုပါ ပစ္စည်းများကို ပြန်လည်ဝယ်ယူထားမိသူများက ငွေကြေးပြန်မယူဘဲ ရိပ်သာသို့ ပြန်လည်လှူပေးလာကြကြောင်း သိရသည်။ 

စတီးပန်းကန်၊ ဇွန်းခရင်း၊ စတီးလင်ပန်းတွေ ပြန်ရတယ်။ စားပွဲခုံကတော့ အထပ်သားတွေခွာပီး ခြေထောက်တွေ ကီလိုရောင်းလိုက်ကြလို့ သုံးမရတော့ဘူး။ ဖျာလိပ်နည်းနည်းပဲ ကျန်တော့တာ။ ကီလိုဆိုင် (သံတိုသံစ ပစ္စည်းအဟောင်းအဝယ်ဆိုင်)တွေက တာချီလိတ်သတင်းအေဂျင်စီက သတင်း တင်ပေးလိုက်တာတွေ့ပြီး ဝယ်ထားကြပြီး အလကားပြန်ပေးကြတာ။ အဓိက စတီးပန်းကန်ပဲ ဈေးကြီးတာ။ အဲဒါ (၁၀၀) ကျော်လောက် ပြန်ရတယ်။  ကချင်ရွာ၊ ပုန်းထွန်၊ ရှမ်းရိုးမကွင်းနားက ဆိုင်တွေက ဝယ်ထားပြီး ပြန်လာပေးကြတယ်။ အားလုံးက သတင်းမှာတွေ့လို့ ပြန်ပေးလာကြတာ။ ပိုက်ဆံပြန်ပေးမယ် ဘယ်လောက်လဲဆိုတာကို မယူဘဲ ဒီအတိုင်းပြန်ပေးလာကြတာ။ ကျွန်တော်ထင်တာကတော့ ခိုးတဲ့သူတွေက ဆေးသမားတွေလို့ ထင်တာပဲ

ဟု ရိပ်သာမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)တွင်  ထိုင်းဘတ်ငွေ (၈၀,၀၀၀)ဖိုး တန်ဖိုးရှိ ရိပ်သာသုံးပစ္စည်းအဆောင်များကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့က ခိုးယူခံလိုက်ရခြင်းဖြစ်ပြီး သတင်းဖော်ပြပြီးနောက် ဇူလိုင်လ(၃)ရက်နေ့က ပစ္စည်းတော်တော်များများကို ပြန်လည်ရရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာဝန်းအတွင်း COVID 19 Quarantine ဖွင့်ခွင့်ပေးထားသော်လည်း ရိပ်သာသုံးပစ္စည်းများကို သီးခြားအဆောက်အဦးတွင် ထားရှိကာ အဆိုပါ အဆောက်အဦးရှိသည့်ဘက်၌ ညစောင့်လည်း ထားလေ့ရှိကြောင်း သိရသည်။